မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းသည့် ဆရာမတဦး တိုင်ကြားခံရ

0

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်းဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာ အထက်တန်းခွဲ၌ လပတ် စာမေးပွဲကျသည့် စတုတ္ထတန်းကျောင်းသား ၁၆ ဦးကို ဆရာမ တဦးက မစင်သုတ်လိမ်းသဖြင့် ကျောင်းသားမိဘများက တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

Credit to Kachin Youth Movement- ကျောင်းသားမိဘများ လက်မှတ်ရေးထိုးထားသည့် တိုင်ကြားစာ

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့က  စာမေးပွဲ အောင်သည့် ကျောင်းသား ၃ ဦး အား အိမ်သာ မှ မစင်သွားယူခိုင်းပြီး လပတ်စာမေးပွဲ ကျသည့် ကျောင်းသား ၁၆ ဦး ပါးစပ်နှင့်နှာခေါင်း တို့ကို သုတ်လိမ်းစေခိုင်းခဲ့သည် ဟု နမ့်တောင်းကျေးရွာ အသင်းတော် ဆရာ ဒွဲလာ က သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

“ ဆရာမက စာမေးပွဲ ကျတဲ့ ကျောင်းသားတွေကို မတ်တပ်ရပ်ခိုင်းတယ်။ တုတ်နဲ့ ၃ချက်ရိုက်တယ်။ နောက် စာမေးပွဲ အောင်တဲ့ ကျောင်းသူ ၃ဦးကို မစင်သွားယူခိုင်းပြီး စာမေးပွဲ ကျတဲ့ ကလေးတွေ ပါးစပ် ကို သုတ်ခိုင်းလိုက်တယ်။ ကျနော် ကြားကြားချင်း မယုံဘူး” ဟု ဆရာ ဒွဲလာ က ဆိုသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သည့် ဆရာမ ဒေါ်အိအိဇာအောင် ကို ကျောင်းသားမိဘများက သွားရောက် တွေ့ဆုံမေးမြန်းကာ ဆရာမ က မဟုတ်ကြောင်း ငြင်းဆိုခဲ့သည် ဟု ဆရာ ဒွဲလာ က ပြောသည်။

“ ဆရာမကတော့ သူမလုပ်ဘူးလို့ လေသံ မာမာနဲ့ငြင်းပါတယ်။ ကလေးတွေကတော့ ဆရာမ ရှေ့မှာပဲ ဆရာမ က မစင်သုတ်ခိုင်းလို့ သုတ်ရတယ်” ဟု ဆရာ ဒွဲလာ က ထပ်လောင်း ပြောကြားသည်။

လက်ရှိမှာ စတုတ္ထတန်း လပတ်စာမေးပွဲ ကျသည့် ကျောင်းသားမိဘ များ၏ သဘော ဆန္ဒအရ ကလေးငယ်များကို မစင်သုတ်လိမ်းခိုင်းသည့် ဆရာမ ဒေါ်အိအိဇာအောင်ကို ထိရောက်သည့် ပြစ်မှု ပေးရန် ပြည်နယ် ပညာရေးမှူး ကို တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါ မစင်သုတ်လိမ်းခံရသည့် ကိစ္စကြောင့် ကျောင်းသား တဦး ကျောင်းထွက်သွားကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ကလေးငယ်များအတွက် ပညာသင်ကြားလိုစိတ် ပျောက်စေကြောင်း၊ ယင်း ဆရာမ ကို အလုပ်ထုတ်ပေးစေချင်ကြောင်း မစင်သုတ်ခံရသည့် ကျောင်သား တဦး ၏ မိခင် ဒေါ်မာကိုင် က သျှမ်းသံတော်ဆင့် က ပြောသည်။

“ ဆရာမက ကလေးတွေ ပါးစပ်ကို ချီးနဲ့သုတ်တာ ကျမ မကြိုက်ဘူး။ကျမ သားကလည်း ကျောင်းမသွားချင်ဘူး။ ငိုပဲ ငိုနေတယ်။ အဲ့ ဆရာမကို ကျောင်းဆရာမ လုံးဝ မလုပ်ခိုင်းစေချင်ဘူး။ တခြား ကျောင်းမှာလုပ်ရင်လည်း တခြားကျောင်းသားတွေကို ဒီလို ထပ်လုပ်အုံးမယ် ” ဟု ကျောင်းသားမိဘ ဒေါ်မာကိုင် က ဆိုသည်။

ကလေးမျာကို မစင်သုတ်လိမ်းသည့် ဆရာမ ကို သွားရောက်တွေ့ဆုံစဉ်တွင် ကလေးများ နှင့် ကလေးမိဘများကို တောင်းပန် ခြင်း မရှိကြောင်း၊ ယင်း ဆရာမကို ကျောင်းဆရာမ လုံးဝ ထုတ်ပယ်ရန် တောင်းဆိုချင်သည် ဟု ဒေါ်မာကိုင် က ဖြည့်စွတ်ပြောသည်။

ထိုကဲ့သို့ ကျောင်းဆရာ အနေဖြင့် တိုင်းရင်းသားဒေသ တွင်နေထိုင်ပြီး စာသင်ကြားနေသည့် တိုင်းရင်းသား ကလေးငယ်များကို ယခုကဲ့သို့ ပြုမူမှုသည် လူမျိုးရေး မုန်းတီးမှု ဖြစ်ပွားလာနိုင်သည် ဟု လည်း နမ့်တောင်းကျေးရွာ ဒေသခံများ ပြောကြားလိုက်သည်။

“ ရိုးရိုးတွေးရင်တော့ ဘာမှ မဖြစ်ပေမယ့် တိုင်းရင်းသားလူငယ်တွေ စာမေးပွဲ ကျလို့ဒီလို လုပ်တာ ဟာ သူတို့မိဘတွေ စိတ်ထဲ လူမျိုးရေး မုန်းတီးမှုတွေ ဖြစ်မှာပဲ စိုးရိမ်ရတယ်” ဟု ဆရာဒွဲလာ က ပြောသည်။

နမ့်တောင်းကျေးရွာ အထက်တန်းခွဲ ကျောင်းအုပ်ဆရာမကြီး ကို သျှမ်းသံတော်ဆင့် မှ ဖုန်းဆက် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဆက်လက်ပြီး မူဆယ်မြို့နယ် ပညာရေးမှူးကို ဖုန်းဆက်မေးမြန်းသည့် အခါ ဆရာကြီး မရှိဟုပြောကြား ပြီး ဖုန်းချသွားခဲ့သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE