ကျေးလက်ဒေသခံများအား အစိုးရတပ်မတော်မှ ရိုက်နှက်မှုကျူးလွန်နေဆဲ တာဝန်ရှိသူများစီစစ်ပေးရန် SHRF ထုတ်ပြန်

0

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် တွင် မြန်မာအစိုးရ တပ်မတော် တပ်သားများ က ဒေသခံ ရွာသား အားရိုက်နှက် ကျူးလွန်မှုပြုလုပ်နေသေးသည့်အပေါ် တာဝန်ရှိသူများမှ စီစစ်အရေးယူသင့်ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကြေငြာလိုက်သည်။

Photo by SHRF – မိုင်းပျဉ်းမြို့နယ်ပြမြေပုံ

ဇူလိုင်လ ၆ ရက်နေ့က မိုင်းပျဉ်းမြို့နယ် အသက် ၃၂ နှစ် အရွယ် မိုင်းလျန်းကျေးရွာသား ဂျပေါ ဆိုသူဖြစ်ပြီး အပြန်လမ်း ၌ အစိုးရ စစ်တပ် ခြေမြန်တပ်ရင်း ခမရ ၅၇၉ မှ တပ်သားများ က စစ်ဆေးမေးမြန်းကာ ထိုးနှက်မှုပြုခဲ့သည့်အပေါ် တာဝန်ရှိသူများမှ စစ်ဆေးအရေးယူပေးရန် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။

ဇူလိုင် ၂၅ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး – မြန်မာအစိုးရ တပ်မတော်မှ မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ကျေးရွာသား တဦးအား ထိုးနှက်မှုအပြင်၊ ကျေးရွာသားများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များ၊ အိမ်မွေးတိရစ္ဆာန်များကို အတင်းအဓမ္မ ယူဆောင်မှုများရှိနေသေးသည် ဟုလည်း ရေးသားဖော်ပြထားသည်။

မိန်းလျန်းရွာသား ဂျပေါအား သျှမ်းစစ်သားများ အတွက် ဆန်များဝယ်ပေးသည် ဟု စွပ်စွဲကာ စစ်တပ်က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ မြန်မာတပ်သားတွေက အရင်တုန်းကအတိုင်း ပြည်သူတွေကို သျှမ်းစစ်သားတွေဆိုပြီး မသင်္ကာ စစ်ဆေးတာတွေ၊ ရိုကနှက်တာတွေ လုပ်နေတုန်းပါ။ ဒါတွေ မလုပ်သင့်တော့ဘူး။” ဟု SHRF မှ ပြောရေးဆိုခွင့် စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိပဋိပက္ခဖြစ်ပွါးနေသည့်နေရာသည် သျှမ်းလက်နက်ကိုင် အဖွဲ့ နှင့် မြန်မာ အစိုးရနှင့် တပ်မတော်တို့ကြားအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်( NCA) ရေးထိုးခဲ့သည့် ကျိုင်းတုံမြို့၏ အနောက်ဘက်တွင် တည်ရှိပါသည်။

အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် အဖွဲ့ လှုပ်ရှားသည့်နေရာဖြစ်သည့် အတွက် မြန်မာ အစိုးရ တပ်မတော် ၏ တပ်သားများအနေဖြင့် ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်း မလုပ်သင့်ကြောင်း၊ လုပ်နေသည့် အဖွဲ့ကိုလည်း သက်ဆိုင်ရာ မှ အရေးယူပေးနိုင်ရန် စီစစ်ပေးသင့်ကြောင်း SHRF မှ စိုင်းဟော်ရှဲန် မှ တိုက်တွန်းလိုက်သည်။

“ တကယ်တော့ သျှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်ထားပြီးသားပါ။ အဲ့လို ရိုက်တာ မရှိသင့်တော့ဘူး။ နောက် ပြည်သူပိုင်တဲ့ ပစ္စည်းတွေ မယူသင့်ဘူး။ ဒေသခံ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲအောင် မလုပ်သင့်ဘူး” ဟုလည်း စိုင်းဟော်ရှဲန် က ပြောသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE