Tuesday, April 23, 2024

မိုင်းပျဉ်းမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဒေသခံ အမျိုးသားတဦးကို တပ်မတော်က ခေါ်ယူရိုက်နှက်စစ်ဆေး

Must read

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရွာသားတဦး ကို မြန်မာ့တပ်မတော်က ခေါ်ယူ စစ်ဆေးရာတွင်ရိုက်နှက်မှုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Mongping Youth-

စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ခလရ ၂၇၈ မှ တပ်သားများသည် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံအုပ်စု လွန်းကျောက် ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းစန္တ အသက် ၅၄ နှစ် နှင့် အသက် ၄၀ ကျော်အရွယ်ရှိဒေသခံ စိုင်းအောင်ဇေယျ တို့ကို နေအိမ်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အဖမ်းခံရသူက သျှမ်းသံတော်ဆင့်အားပြောသည်။

လွန်းကျောက် ကျေးရွာအနီး တောထဲရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)၏ တပ်စခန်းဟောင်းကို မြန်မာ့တပ်မတော် က တွေ့ရှိပြီး ၄င်းတို့အား လာရောက်ဖမ်းဆီး ခေါ်ယူစစ်ဆေးခြင်းဖြစ်သည် ဟု လွန်းကျောက် အုပ်ချုပ်ရေးမှူး စိုင်းစန္တက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ RCSS/SSA တပ်စခန်း ဟောင်း က ကျနော်တို့ရွာနားက တောထဲမှာ စခန်းချခဲ့တာကို သူတို့ကို အကြောင်းမကြားလို့ဆိုပြီး လာဖမ်းတာ။ စခန်းဟောင်းဆီကိုကျနော်တို့ကိုခေါ်သွားပြီး ဒီမှာ သျှမ်းတွေစခန်းလာချတာ မသိဘူးလား၊ မမြင်ဘူးလားဆိုပြီး တပ်သားတယောက်က ကျနော်ကို ခြေထောက်နဲ့ ကန်တယ်။ ကျနော်ပြန်ထလာတော့ ထပ်ကန်တယ်။ ခေါင်းကိုလည်း ရိုက်တယ်။ ပခုံးကို ဓားနဲ့ထိုးတယ်။ ကျနော်မူးသွားတယ်” ဟု ရိုက်နှက်စစ်ဆေးခံရသည့် စိုင်းစန္တက ဆိုသည်။

လွန်းကျောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတို့ ၂ ဦးအား ၂ နာရီ ကြာ ခေါ်ယူစစ်ဆေးပြီး ညနေ ၈ နာရီ တွင် အဆိုပါ ၂ ဦးကို ကြိုးဖြင့် ချည်ကာ နေအိမ်သို့ ပြန် ပို့ပေးခဲ့သည်ဟုသိရသည်။ စိုင်းစန္တသည် ရိုက်နှက်ဆောင့်ကန်ခံထားရသည့် ဒဏ်ကြောင့် စက်တင်ဘာ ၁၅ ရက် တွင် ကျိုင်းတုံမြို့ သို့ သွားရောက်ဆေးကုသမှုခံယူရကြောင်းသိရသည်။

“ ကျနော် ဓာတ်မှန်ရိုက်ထားတယ်။ အဖြေမသိရသေးဘူး။ အခုထိ ခေါင်းတွေမူးပြီး ခန္ဓာကိုယ်တွေ နာနေတယ် ” ဟု ၄င်းကဆက်လက်ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် အရပ်သား ပြည်သူများကို ခေါ်ယူမေးမြန်းလိုပါက အကြမ်းဖက်ရိုက်နှက်ခြင်းမပြုဘဲ ကောင်းကောင်းမွန်မွန်မေးမြန်းသင့်ကြောင်း စိုင်းစန္တက တောင်းဆိုလိုက်သည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီး RCSS/SSA ကျိုင်းတုံ ဆက်ဆံရေး နှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစိုးမိန်း က “ အရင် ကျနော်တို့ နေရာဟောင်းကို တပ်ကတွေ့တော့ ရွာသူကြီး က ခေါ်ယူစစ်ဆေးတာ။ ကျနော်တို့က ပြည်သူတွေကို ယုံကြည်အားကိုးတယ်။ ရွာကို ဝင်ရင်တောင် သူတို့ကို ခွင့်တောင်းပြီးမှဝင်တယ်။ ဒီလိုတော့ မပြုလုပ်သင့်ဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တခုဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကြောက်စရာမလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း ခေါ်ယူစစ်ဆေးလိုပါက ကောင်းမွန်စွာမေးမြန်းဖို့လိုကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းစိုးမိန်း က ဆိုသည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်သည် NCA လက်မှတ်ထိုးထားသည့် RCSS/SSA လှုပ်ရှားသည့်နေရာ ဖြစ်ရာ ထိုဒေသအတွင်းရှိ ဒေသခံလူထုလည်း မြန်မာ့တပ်မတော် မှ မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းမှုလည်းခံနေရသည်ဟုသိရသည်။

လက်ရှိ မိုင်းပူးလုံကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသခံ တဦးကို မြန်မာ့တပ်မတော် က ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်သည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော်သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် က ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ယခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင်လည်း မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာ အုပ်စု နမ့်တက်ရွာနေ ဦးနန္ဒိယ ကို RCSS/SSA အဖွဲ့ နှင့် ပတ်သက်သည် ဟု စွပ်စွဲကာ တပ်မတော် က ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ကြာမှ ရဲလက်လွဲပြောင်းကာ မူးယစ်မှုဖြင့်တရားစွဲရန်အမှုဖွင့်လိုက်သည်ဟုသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article