အထူးဒေသ ၄ မိုင်းလားတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့

0

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့တွင် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။

Photo by SHAN- အထူးဒေသ ၄ မိုင်းလားတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့

ဇွန်လ ၂၆ ရက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းလားမြို့တွင် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲပြုလုပ်ရာ မိုင်းလားတပ်ဖွဲ့ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဆစ်ဆောင်ပန်းနားနယ်မှ မူးယစ်တိုက်ဖျက်ရေးဌာန အစိုးရကိုယ်စားလှယ်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံး တာဝန်ခံများ၊ ကိုးကန့်၊ ၀ ၊ SSA ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့ကိုယ်စားလှယ်တို့အပြင် မိုင်းလား၊ ဆီလူး၊ နမ့်ပန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဥက္ကဌကြီးက -“ ဒီနှစ်ဟာ အထူးဒေသ ၄ တည်ထောင်ခြင်းနဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်ပြီဖြစ်တဲ့အလျောက် မိမိတို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို လူထုကိုလည်းသိစေချင်တယ်။ ရှေ့ဆက်မှာလည်း မိမိတို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီနဲ့အတူ လူထုကလက်တွဲပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးအတူတကွ တိုက်ဖျက်သွားမယ်။ ဒီဟာတွေကို လူထု ၁၀၀၀ ကျော်ကနေလက်မှတ်ရေးထိုးကတိပြုတယ်။ ဒီနေပြီးတော့လည်း ဒေသခံလူထုအားလုံးသိရှိအောင် အသိပညာတွေ ဗဟုသုတတွေ ဆက်လက်ပေးသွားမယ် ”- ဟု အဖွင့်မိန့်ခွန်းတွင်ပြောဆိုသွားသည်။

Photo by SHAN-အထူးဒေသ ၄ မိုင်းလားတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့

အဆိုပါ မူးယစ်ဆေးဝါး ဖျက်ဆီးမီးရှို့ခြင်းအခန်းအနားတွင် ယာဘ ၆၂၇ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၅၈ ကီလိုဂရမ်၊ ဘိန်းမဲ ၁၀ ကီလိုဂရမ်၊ ခါ့ခူး (ကိုကင်း) ၄ ကီလိုဂရမ် နှင့်မူးယစ်ဆေးဝါးချက်ရာတွင်အသုံးပြုသော ကုန်ကြမ်း၊ ဆေးရည်များ အားလုံးစုစုပေါင်း မူးယစ်ဆေးဝါး ၁၀၀၀ ကီလိုဂရမ် (ကာလတန်ဖိုး မြန်မာကျပ်ငွေ ကျပ်သိန်းပေါင်း ၁၂၀၆၀၀ ) ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးများသည် သျှမ်းပြည်မြောက်ပိုင်းမှ မိုင်းလားနယ်ထဲသို့ဝင်လာသောဆေးဝါး များဖြစ်ကြောင်း မိုင်းလားတပ်ဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင်လည်း မိုင်းလား ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်ပွဲကိုလည်း ထပ်မံကျင်းပဦးမည်ဖြစ်ကြောင်းသိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE