ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးအား ဆာမူရိုင်းဓါးဖြင့် လူတဖွဲ့မှလိုက်ခုတ် ၊ ရွှေ့ပြောင်းအလုပ်သမားများဟု ထိုင်းသတင်းထုတ်ပြန်

0

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မနက်မိုးမလင်းခင်အချိန်က နာမည်ကြီး ပရတူ ထာ့ဖဲမြို့ရိုးတွင် လာရောက်လည်ပတ်သော ထိုင်းအထက်တန်းကျောင်းသား ၂ ဦးအား ဆာမူရိုင်းဓါးဖြင့်လိုက်လံခုတ်ဖြတ်သည့် လူငယ်အဖွဲ့မှာ ဆာမူရိုင်းဂိုဏ်း ရွှေ့ပြောင်းအလုပ်သမား သျှမ်းလူငယ်အဖွဲ့ ဖြစ်ကြောင်း ထိုင်းရတ်ထိုင်းသတင်း က သတင်းထုတ်ပြန်သည်။

Photo Credit to Roamjai Foundation- ပွဲချင်းပြီးသေဆုံးသည့်ကျောင်းသားအား ရူဝမ်ကျိုင်ဖောင်ဒေးရှင်းမှ အလောင်းကောက်ပေးနေစဉ်

ဇွန်လ ၁၈ ရက်မနက် ၃ နာရီ ခန့်က ပရတူ ထာ့ဖဲ မြို့ရိုးနေရာတွင် ဆာမူရိုင်းဓါးကိုင်သော လူငယ်အဖွဲ့က ဆိုင်ကယ် ၂ စင်း စီးနင်းလာသော လူငယ် ၄ ဦးအား ဓါးဖြင့်လိုက်လံခုတ်ရာ ဆိုင်ကယ်တစီးမှောက်လဲပြီး လူငယ် ၂ ယောက်ဓါးဖြင့်ခုတ်ထစ်ခံရကြောင်း ၊ သတ်ဖြတ်မှု တရားခံမှာ ဆာမူရိုင်း သျှမ်းလူငယ်အဖွဲ့ဖြစ်ကြောင်း ထွက်ပြေးလွှတ်မြောက်သည့် ထိုင်းကျောင်းသား ၂ ဦးက ထိုင်းရဲထံ ဖုန်းဆက်အကြောင်းကြားစဉ် ပြောဆိုသည်ဟု ထိုင်းနိုင်ငံ ထိုင်းရတ်သတင်းက ထုတ်ပြန်ပါသည်။

လူငယ်တဦးမှာ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်းတိုက်ရှေ့တွင် ဓါးခုတ်ခံရပြီး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးကြောင်း ကျန်လူငယ်တဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း -ထိုင်းရတ် သတင်းတွင်ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းရဲများက စီစီတီဝီမှတ်တမ်းများလိုက်လံစုဆောင်းကာတရားခံဖမ်းဆီးမိရေး လုပ်ဆောင်နေကြောင်းပြောဆိုပြီး အသေးစိတ်ဖြစ်စဉ်ကို မကြေငြာသေးသကဲ့သို့ တရားခံမှာ သျှမ်းလူငယ်များဖြစ်ကြောင်း အတည်မပြုသေးပေ။

ထိုင်းနိုင်ငံ ဆွေမျိုးမရှိသော ရွှေ့ပြောင်းအလုပ်သမားများ၏စျာပနအတွက် ကူညီမှုပေးနေသည့် စိုင်းတိုင်းက က- “ ခုလောလောဆယ် (ဇွန် ၁၈ မွန်းလွဲ ၁ နာရီအထိ) တရားခံတယောက်မှမဖမ်းမိသေးဘူး။ ဒါကြောင့် တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာ ဘယ်သူမှ အသေ အချာမသိသေးဘူး။ ကျနော်တို့ ဒီကိုရောက်နေကြတဲ့ သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားတွေအားလုံးကိုတခု သတိပေးချင်တာကတော့ ဒီမှာက ထစ်ခနဲပြသနာရှိတာနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ညှိုးထိုး ချင်ကြတယ်။ ဆိုတော့ တတ်နိုင်ရင် သူများနိုင်ငံမှာ ပြသနာမဖြစ်အောင် သတိ၀ိရိယကြီးကြီးနဲ့နေထိုင်အလုပ်လုပ် ကိုင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်မှာပြသနာတခုခု လုပ်လိုက်လို့ရှိရင် ဒီမှာမှီခိုအလုပ်လုပ်နေကြတဲ့ ကိုယ့်လူမျိုး တွေ လည်းဒုက္ခရောက်ရပါလိမ့်မယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့မနက်ခင်းက ဓါးထိုးခံရသော လူငယ် ၂ ဦးမှာ အသက် ၁၆ နှစ်အရွယ်များသာရှိသေးသည့် နည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်ကြောင်း၊ နယ်မှ ချင်းမိုင်မြို့သို့ ကျောင်းလာတက်သည့် ကျောင်းသားလေးများဖြစ်ကြောင်း ထိုင်းရဲများက ပြောသည်။

ယခင်နှစ်များကလည်း ညအချိန် လမ်းသွားနေသူများအား ဓါးဖြင့်လိုက်လံခုတ်ဖြတ်မှုတိုင်း ရွှေ့ပြောင်းအလုပ်သမားများ ဟု ထိုင်းသတင်းမီဒီယာများကဖော်ပြခဲ့ပြီး တခါတရံတွင်လည်း ရဲများဖမ်းဆီးရမိသည့်တရားခံမှာ သျှမ်းလူငယ်မဟုတ်ပေ။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ သျှမ်းပြည်မှလာသော အလုပ်သမား ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများကပြောဆိုပါသည်။

Photo from google-ညဦးပိုင်းအချိန်မှစပြီး ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေလည်ပတ်ဓါတ်ပုံရိုက်ကြသည့် အထူးစည်ကားသော ချင်းမိုင်မြို့ ပရတူ ထာ့ဖဲ မြို့ရိုးဂိတ် ရင်ပြင်နေရာ

ချင်းမိုင်မြို့လယ် မြို့ရိုးဟောင်းအရှေ့ဘက်အရပ်မျက်နှာစာရှိ ပရတူ ထာ့ဖဲ မြို့ရိုးဂိတ် ရင်ပြင်နေရာသည် ညဦးပိုင်းအချိန်မှစပြီး ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေလည်ပတ်ဓါတ်ပုံရိုက်ကြသည့် အထူးစည်ကားသောနေရာတခုဖြစ်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE