ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြင်းထန်သော မြူခိုးညစ်ညမ်းမှုကြောင့် အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသည့် ဒေသခံများမှာ ကျန်းမာရေးဝေဒနာများ ခံစားနေရကြောင်း သိရသည်။
လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများအနက် လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရသည်။
ယနေ့ (မတ်လ ၃၀ ရက်) နံနက်ပိုင်း တိုင်းတာချက်များအရ ချင်းဒေါင်း (Chiang Dao) ၊ ထောင်ခေါင်ဖောင် (Thung Khao Phuang) တွင် PM 2.5 ပမာဏမှာ ၁ ကုဗမီတာလျှင် ၇၁၂ မိုက်ခရို ဂရမ်အထိ မြင့်တက်ခဲ့ပြီး မြို့အတွင်းရှိ ချင်းမိုင်တက္ကသိုလ်အနီးတွင် ၂၁၈ မိုင်ခရိုဂရမ်အထိ ရှိနေသည်။




၎င်းပမဏမှာ ဘေးကင်းလုံခြုံသည့် အဆင့်ထက် အဆပေါင်းများစွာ မြင့်မားနေပြီး ပြည်သူ့ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိသော အဆင့်ဖြစ်သည်။
အဆိုပါ လေထုညစ်ညမ်းမှုဒဏ်ကို Warorot ဈေးမှ ဈေးသည်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများနှင့် အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေရသူများ အဆိုးရွားဆုံး ခံစားနေရသည်။
“ဆိုင်ခန်းက ဈေးရောင်းရသည် ဖြစ်စေ၊ မရောင်းရသည် ဖြစ်စေ ပုံသေပေးနေရတော့ ကျန်းမာရေးကို စိုးရိမ်ပေမယ့် အလုပ်မနားနိုင်ဘူး” ဟု ဈေးသည်တစ်ဦးဖြစ်သူ Saengduan Sanittha က ပြောသည်။
ဆက်လက်ပြီး စျေးသည်များသည် မျက်စိစပ်ခြင်း ဝေဒနာ စတင်ခံစားနေရပြီး အချို့သောသူများသည် နှာခေါင်းသွေးယိုခြင်းနှင့် အဆက်မပြတ် ချောင်းဆိုးခြင်းများ ဖြစ်ပွားနေကြောင်း ပြောသည်။
လက်ရှိတွင် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် မီးလောင်ရာနေရာ ၇၈၇ ခုအထိ မှတ်တမ်းတင်ထားရပြီး ချင်းဒေါင်းမြို့နယ်တွင် ၁၄၉ ခု၊ Samoeng မြို့နယ်တွင် ၁၀၀ ခုနှင့် Phrao မြို့နယ်တွင် ၉၆ ခုစီဖြင့် အသီးသီး အခြေအနေ ဆိုးရွားလျက်ရှိသည်။
မီးလောင်သည့်နေရာ အရေအတွက်သည် ယမန်နေ့ (မတ်လ ၂၉ ရက်) က ထက် နှစ်ဆနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။
အာဏာပိုင်များအနေဖြင့် လေထုညစ်ညမ်းမှုဒဏ်ကို ကာကွယ်ရန် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ဖြစ်နိုင်လျှင် အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။
ကိုးကား – City News












Leave a Comments