Tuesday, April 23, 2024

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းချုပ်ငြိမ်းရန် ရေတိုဖြေရှင်းနည်း မအောင်မြင်နိုင်

Must read

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု လျော့ချရေး ရေတိုဖြေရှင်းနည်း သည်မအောင်မြင် နိုင်ဟု မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေး ကပြောကြားလိုက်သည်။

Photo Credit to MRTV-စိုင်းထွန်းအေး မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

မေလ ၁၇ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် က “ မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာ ဒေသတွေမှာ အစိုးရ အနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်း တွေ စနစ်တကျ ဆောင်ရွက် ဖို့ တိုက်တွန်းကြောင်း ”အဆိုနှင့် ပတ်သတ်ပြီး အတည်ပြုခဲ့သည်။

“ မြန်မာနိုင်ငံ မှာ ဘိန်းစိုက်ပျိုးမှု လျော့နည်း ချုပ်ငြိမ်းဖို့ ဆိုရင် ရေတိုဖြေရှင်း နည်းနဲ့ မအောင်မြင်နိုင်ဘဲ ရေရှည် စီမံကိန်း တရပ်ကို သာ ရေးဆွဲ အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်” ဟု စိုင်းထွန်းအေး က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးနေခြင်းသည် အဖြေ မဟုတ်ကြောင်း၊ ဘိန်းခင်း ဖျက်ဆီးလေ ဘိန်းစိုက်တောင်သူ ပိုများလာလေဖြစ်သည်ဟု စိုင်းထွန်းအေး က ပြောကြားသည်။

ထိုင်းနိုင်ငံ ဘိန်းခင်းဖျက်ဆီးရေး လှုပ်ရှားမှု အစားတောင်ပေါ်နေ တိုင်းရင်းသား များအတွက် နိုင်ငံတော် အဆင့် ဖွံ့ဖြိုးရေး စီမံကိန်း ထဲ ထည့်သွင်းပြီး ပညာရေး၊ ကျန်းမာရေး ၊လူမှု ဖွံ့ဖြိုးရေး ၊လမ်းပန်း ဆက်သွယ်ရေး ၊လျှပ်စစ်မီး ရ ရရှိရေး နှင့် အိမ်တွင်း စက်မှု လုပ်ငန်း ဖွံ့ဖြိုး ရေး စတဲ့ အခြေခံလိုအပ်ချက်ကို နှစ် ၃၀ကြာ ဆောင်ရွက်ပေးကာ ဒေသခံများ လုံလောက်သည့် ဝင်ငွေ ရရှိ စေပြီးမှ ပဲ ဘိန်းစိုက်ပျိုးမှု လျော့ချ ခြင်းကို ဆောင်ရွက်ခဲ့သည် ဟု မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေး က ဆိုသည်။

“ဘိန်းစိုက်ခင်းကို ဆက်ပြီး အတွန့်ရှည်စေတဲ့ အကြောင်းရင်း တခုကတော့ ကာလရှည်ကြာလေပြီဖြစ်တဲ့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ပြသာနာကို ကိုင်တွယ် ဖြေရှင်းနိုင်ရေး က နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်ပဲ အရေးကြီးပါတယ်။ မူးယစ်ဆေးပြသနာနဲ့ ဘိန်းစိုက်ပျိုးမှု လျော့နည်း ကျဆင်းဖို့ အတွက်ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေး စိတ်ဆန္ဒရှိရှိ နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းအောင် ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟုလည်း စိုင်းထွန်းအေး က ပြောဆိုလိုက်သည်။

“ငြိမ်းချမ်းရေး ဝေးနေသမျှ ဘိန်းပန်းတွေလည်း မွှေးနေအုံးမှာပဲ”ဆိုတာကို စိုင်းထွန်းအေး က တင်ပြဆွေးနွေးခဲ့သည်။

သက်ဆိုင်ရာ တာဝန်ရှိသူအနေဖြင့် ဘိန်းစိုက်တောင်သူများ၏ ဘဝနှင့် ခံစားချက်ကို နားလည်အောင် ကြိုးစားပြီး တင်းကြပ်သည့် မူးယစ်ဆေးဝါး မူဝါဒများကို လက်တွေ့ကျအောင် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း စိုင်းထွန်းအေး က တိုက်တွန်းပြောဆိုလိုက်သည်။

ဆက်လက်ပြီး လွိုင်ကော် မဲဆန္ဒ နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက “ဘိန်းစိုက်တောင်သူတွေ ပြည်သူများ တင်ပြချက်တွေက များပြားလှပါတယ်။ ဘိန်းစိုက်သည့် တောင်သူတွေဟာ တခြားသီးနှံကို စိုက်ပျိုးဖို့ ဆန္ဒရှိတယ်။ လက်တွေ့မှာ ခက်ခဲပါတယ် သီးနှံ စျေးကွက်မရှိတာ။ ကုန်စည်နှုန်း မတတည်ငြိမ်တာ။ တင်းခံနိုင်တဲ့ အင်အားမရှိပါဘူး။ ဒါတွေကို ထည့်သွင်းစဉ်းစားပေးဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး မရရှိဘဲ ဖွံဖြိုးတိုးတက်လာနိုင်မည် မဟုတ်ကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခ သည် ဘိန်းစိုက်ပျိုးဖြစ်စေရန် နောက်ကွယ် မှ တွန်းအား ပေးအဓိက အကျဆုံးဖြစ်သည် ဟုလည်း ဒေါက်တာ ခင်စည်သူက ဆိုသည်။

မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး နှင့် ပတ်သတ်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး ၅ နှစ် စီမံကိန်းကို ၂၀၁၄ -၂၀၁၆ ခုနစ်မှ စတင်ကာ ဆောင်ရွက်နေကြောင်းသိရသည်။

ဆက်လက်ပြီး နိုင်ငံတော် အစိုး ရ နှင့် ပူးပေါင်း ဆောင်ရွက် လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း နှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာန များ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ များနှင့် ဆက်သွယ်ပြီး လုပ်ထုံးလုပ်နည်း များနှင့် အညီ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမည်ဟု မေ ၁၇ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်သန်းထွဋ် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အိမ်ထောင်စု ၃ သိန်း သည် စားဝတ်နေရေး အတွက် ဘိန်း စိုက် ပျိုးရေးကို အမှီ ပြုနေကြရတယ်လို့ သိရသည်

Leave a Comments

- Advertisement -spot_img

Latest article