Monday, July 22, 2024

သျှမ်းပြည် တိုက်ပွဲကြား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရ

Must read

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား တစ်လအတွင်း အပြစ်မဲ့ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် မိုင်းရှူးမြို့နယ်မှ အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် အသက် ၃ နှစ် အရွယ် မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦး ဦးခေါင်းပိုင်း ကျည်ထိကာ သေဆုံးသွားခဲ့ရသည်။

ကွတ်ခိုင်တိုက်ပွဲ ကျည်ထိမှန်သည့်ကလေးငယ်

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ မှ တိုက်ပွဲကြား အပြစ်မဲ့ ကလေးငယ်သေဆုံးရခြင်းနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူတွေကို ကာကွယ်ပေးမဲ့အစား သူတို့ကြောင့်ပဲ ပြည်သူက ထိခိုက်နေရပေမဲ့ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိကြဘူး။ ပြည်သူရဲ့ အခွင့်အရေးတွေကို စစ်တပ်တွေက ချိုးဖောက် နေတယ်၊ စည်းမရှိ ဘောင်မရှိ တိုက်ပွဲမဖြစ်အောင် ထိခိုက်နစ်နာရတဲ့ ပြည်သူ့မိသားစုတွေကို သက်ဆိုင်ရာ လက်နက် ကိုင်တပ်ဖွဲ့တွေက တာဝန်ယူကူညီပေးသင့်တယ်” ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က ပြောသည်။

ထို့အပြင် ယင်းကဲ့သို့ ရပ်ရွာအနီးပတ်ဝန်းကျင် အရပ်သား နေအိမ် နှင့် နီးသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းသည် လူ့အခွင့် အရေးများကို ထိပါးကျူးလွန်သည့်အပြင် စစ်စည်းကမ်းများကိုလည်း ကျူးလွန်ချိုးဖောက်နေကြောင်း၊ ပြည်သူကိုလည်း စစ်ရေး ဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း စိုင်းဟော်ရှဲန်က သုံးသပ်ထားသည်။

အပြစ်မဲ့ ကလေးငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်ခံလိုက်ရသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က စစ်ရေး တင်းမာမှု ရှိနေပြီး ပြင်းထန်သည့်တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့် နေကြသည်။

ထို့အတူ ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article