အပစ်ရပ်သာတင်မက သျှမ်းတပ် ၂ ခုပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့ UP နှင့် SNDP ပူးပေါင်းထုတ်ပြန်

0

သျှမ်းပြည်တပ်မတော် ၂ ခု အပစ်ရပ်ကြောင်းကြေငြာချက်ထုတ်ပြန်သည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းတို့အား တဖွဲ့တည်းအဖြစ်ပူးပေါင်းစေလိုကြောင်းနမ့်ခမ်းမြို့နယ် လူမှုညီညွတ်ရေးအသင်းနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

မေလ ၁၆ ရက်နေ့ကအဆိုပါကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မေလ ၁၁ ရက်နေ့က RCSS နှင့် SSPP တို့ပူးပေါင်းထုတ်ပြန်သည့်အပစ်ရပ်ကြေငြာချက်အား ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ၊ ၂ ဖက်တပ်သည် ထာ၀ရ ပစ်ခတ်တိုက်ခိုက်မှုရပ်တန့်စေနိုင်ရေးနှင့်နောက်ဆုံး တဖွဲ့တည်းအဖြစ် လက်တွဲပူးပေါင်းကာလူထုအကျိုး ကူညီသယ်ပိုးနိုင်ရေးအတွက် ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း အဆိုပါကြေငြာချက်တွင်ပါရှိပါသည်။

နမ့်ခမ်းမြို့  လူမှုညီညွတ်ရေးအသင်း အတွင်းရေးမှူး စိုင်းမောက်ဆိုင်က – ” သျှမ်းတပ် ၂ ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုပြဿနာက အရမ်းကို ဆိုးရွားလှပါတယ်။  ပြောမယ်ဆိုရင် ၂ ဖွဲ့လုံးက အရှုံးဘဲရတယ်လေ။ တဖွဲ့မှအမြတ်မရှိဘူး။ သေကြေဒဏ်ရာရတာလဲ ၂ ဖွဲ့လုံးရဲ့ ကေဒါတပ်သားတွေဘဲဖြစ်နေတယ်။ စစ်ပွဲဒဏ်ကြောင့် ဒေသခံလူထု စစ်ဘေးရှောင်ကြရတယ်။ နစ်နာဆုံးရှုံးနေရတာက သျှမ်းတွေဖြစ်နေတယ်။ ဒါတွေမဖြစ်သင့်တော့ပါဘူး။ သံဃာတော်တွေ ၊ဒေသခံလူထုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေအားလုံးတောင်းဆိုချက်အရ အခုတော့ ၂ ဖွဲ့လုံးက သံဃာနဲ့လူထုရဲ့တောင်းဆိုချက်ကို နားထောင်ပြီးအပစ်ရပ်ထားပါပြီ။ ဒီအတွက် ကျနော်တို့အနေနဲ့ ဝမ်းသာကြိုဆိုတယ်ဆိုတဲ့အကြောင်း ကြေငြာချက်ထုတ်ပြန်ရတာဖြစ်ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်ခမ်းမြို့  UP နှင့် SNDP တို့ ပူးပေါင်းထုတ်ပြန်သည့်ကြေငြာချက်တွင် အချက် ၄ ချက်ပါရှိပါသည်။

စိုင်းမောက်ဆိုင်က – ” ကျနော်တို့ နမ့်ခမ်းဒေသခံလူထုအနေနဲ့ RCSS နဲ့ SSPP ကိုတောင်းဆိုချင်တာကတော့  သျှမ်းနိုင်ငံရေး၊ စစ်ရေး မှာ ဖွံ့ဖြိုးတိုးတက်ပြီးတော့ သျှမ်းလူထုကို အပြည့်အ၀ ကာကွယ်ပေးမယ့်  ၊လူထုကနေ အပြည့်အ၀ အားကိုးရမယ့် တပ်ဖြစ်စေချင်တယ်။ အဲလိုအကာအကွယ်ပေးနိုင်ဖို့အတွက် အခုလက်ရှိ ၂ ဖွဲ့ဖြစ်နေတာကို တဖွဲ့တည်းဖြစ်စေချင်တယ်။ အမျိုးသားရေးကိုရှေ့တန်းတင်ဦးစားပေးလုပ်ဆောင်သွားစေချင်ပါတယ် “- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မေလ ၁၁ ရက်နေ့က သျှမ်းတပ် ၂ ဖွဲ့ပူးပေါင်းကာ အချက် ၄ ချက်ပါသည့်ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည် ။

ကြေငြာချက် ၄ ချက်တွင် – သံဃာတော်၊ ဒေသခံမိဘပြည်သူနှင့် နိုင်ငံရေးပါတီ ၊လူမှုအဖွဲ့အစည်းတို့မှ တောင်းဆိုတိုက်တွန်းချက်အရ RCSS နှင့် SSPP  တို့ နည်းလမ်းရှာကာ ဆွေးနွေးနိုင်ခဲ့ပြီး အပစ်ရပ်နိုင်ရေး ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထာ၀ရ အပစ်ရပ်နိုင်ရေးအတွက် ၂ ဦး ၂ ဖက်မှ အကြိမ်ကြိမ် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ပြီး ပြသနာဖြစ်စေမည့် ဝေဖန်ကဲ့ရဲ့ရှုံ့ချသည့်ရေးသားပြောဆိုမှုများမရှိစေရေး ထိန်းသိမ်းသွားကြမည်ဖြစ်ကြောင်း ၊ မူးယစ်ဆေးဝါးကို ၂ ဖက်တပ်မှ ပူးပေါင်းတိုက်ဖျက် သွားမည်ဖြစ်ကြောင်းပါရှိပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE