မူဆယ် တရုတ်နယ်စပ် ဂိတ်ပေါက် ပုံမှန်ထက် အချိန်စောပိတ်

0

သျှမ်းပြည် မြောက်ပိုင်း မူဆယ် တရုတ်နယ်စပ် ဂိတ်ပေါက်များကို တရုတ်ဘက်မှ ပုံမှန်ထက် အချိန်စော ပိတ် သည် ဟု သတင်းရရှိသည်။

မူစယ်ဆင်ဖြူနယ်စပ်ဂိတ်

မြန်မာ တရုတ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက် ၃ပေါက်ကို ပုံမှန်ထက် စောပိတ်မည် ဟု တရုတ်၊ အင်္ဂလိပ် ဘာသာ ဖြင့် မေလ ၁၃ ရက်နေ့က တရုတ်ဘက်မှ ထုတ်ပြန်ခဲ့သည်။

မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးပေါက်များမှာ မန့်ဝိန်းပေါက်၊ ဆင်ဖြူပေါက် နှင့် နန်းတော်ပေါက်တို့ ဖြစ်သည်။

ကုန်တင်ယာဉ်များနှင့် လူဝင် လူထွက်ပြုလုပ်သည့် မန့်ဝိန်းပေါက်ကို မြန်မာ စံတော်ချိန် ည ၉ နာရီခွဲအထိ သာခွင့်ပြုတော့မည်ဖြစ်ကြောင်းနှင့် အိမ်စီး မော်တော်ယာဉ်များ၊ ယာဉ်ငယ်များ ၊ လူဝင်လူထွက်ပြုလုပ်သည့် ဆင်ဖြူပေါက် နှင့် နန်းတော်ပေါက်ကို ည ၈နာရီ အထိသာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း တရုတ်ဘက်က ကြေညာခဲ့သည်။

မူစယ်ဆင်ဖြူနယ်စပ်ဂိတ်ဖြတ်ဖို့ နာရီနှင့်ချီတန်းစီစောင့်ဆိုင်းနေရသည့် ခရီးသွားပြည်သူလူထု

ယခင်တွင် အဆိုပါ နယ်စပ်ဂိတ် ၃ ဂိတ်ကို မြန်မာ စံတော်ချိန် ည ၁၀ နာရီ ထိ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“ တရုတ်ဘက်ကတော့ မကြာခဏ ထုတ်ပြန်ချက်တွေထုတ်တယ်။ အခုလည်း ၈ နာရီထိပဲ ဂိတ်ဖွင့်ပေးမယ်ဆိုတော့သတိတော့ထားရတာပေါ့။ အခုနောက်ပိုင်း တရုတ်ဘက်ကို ဝင်၊ ထွက်ရတာ တော်တော်ခက်လာတယ်” ဟု တရုတ်ပြည်သို့ အလုပ်သွားလုပ်သည့် အမျိုးသားတဦး က ပြောသည်။

၂၀၁၈ မှ စတင်ကာ မြန်မာ တရုတ်နယ်စပ် ဖြစ်သည့် တရုတ်ပြည် ကျယ်ဂေါင်ဘက်သို့ ဝင် ရန် ခက်ခဲသဖြင့် တရုတ်ပြည်သို့ဝင်ကာ သွားရောက် အလုပ်လုပ်သူများအတွက် ခက်ခဲလာသည်ဟု တရုတ်ပြည်သို့ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သည့် သူများက ပြောဆိုကြသည်။

“ မနက် ၆ နာရီ က စပြီး တန်းစီလိုက်တာ။ တခါတလေမှာ နေ့လည် လောက်မှ တရုတ်ပြည်ဘက်ရောက်တယ်။ တရုတ်ဘက်ကို ဝင်ဖို့ တရုတ်အစိုးရ က အရမ်း တင်းကြပ်လာတော့ အလုပ်လုပ်တဲ့သူအတွက် အခက်ကြုံတယ်” ဟု မူဆယ်ဒေသခံ စိုင်းဆမ် က ပြောသည်။

တရုတ်အစိုးရ အနေဖြင့် တင်းကြပ်သည့် စည်းကမ်းများကိုဖြေလျော့ပေးရန် နှင့် တရုတ်ပြည်ဘက်သို့ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသားများ အဆင်ပြေမှု အတွက် မြန်မာအစိုးရ အနေဖြင့်လည်း တရုတ်အစိုးရ ကို ညှိနှိုင်းဆွေးနွေးဖို့လည်း လိုအပ်သည် ဟု တရုတ်ပြည် သို့ အလုပ်သွားလုပ်သည့် သူများက ပြောဆိုလိုက်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE