တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။
သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။
အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသည်။
မိခင်ဖြစ်သူနှင့်အတူ စက်ချုပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီး၊ သူမကိုယ်တိုင်ကလည်း ငွေသွင်း-ငွေထုတ် လုပ်ငန်းလေးကို တွဲဖက်လုပ်ကိုင်ရင်း မိသားစု စီးပွားရေးကို တက်ညီလက်ညီ ရုန်းကန်ခဲ့ကြသည်။
သူတို့၏ ဘဝသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း မိသားစု အတူရှိနေရသည့်အတွက် နွေးထွေးမှုနှင့် ရိုးရှင်းသော ဘဝဖြင့် ငြိမ်းချမ်းခဲ့သည်။
ထိုအရာအားလုံးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”က ဖျက်ဆီးပစ်ခဲ့သည်။
တိုက်ပွဲများ၏ အရှိန်အဟုန်က လားရှိုးသို့ ကူးစက်လာသောအခါ သူမတို့၏ စက်ချုပ်ဆိုင်နှင့် အမေ့အိမ်လေးမှာ ဗုံးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ တစ်သက်တာလုံး စုဆောင်းထားသည့် အရင်းအနှီးများနှင့် မိခင်ဖြစ်သူ၏ အမှတ်တရများအားလုံး ပြာပုံဘဝသို့ ရောက်ခဲ့ရသည်။
စစ်မီးကြောင့် နေအိမ်နှင့် လုပ်ငန်းခွင် ဆုံးရှုံးခဲ့ရသည့်အပြင် မေဇင်နှင့် သူမ၏ မိခင်သည်လည်း တကွဲတပြားစီ ဖြစ်သွားခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ပဋိပက္ခများသည် သျှမ်းပြည်မြောက်ပိုင်း၏ စီးပွားရေးကို လုံးဝ ရပ်တန့်လုနီးပါး ဖြစ်စေခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းနှင့် စစ်ပွဲများကြောင့် ဒေသတွင်း စက်ရုံ၊ အလုပ်ရုံများ ရပ်ဆိုင်းခဲ့ရသဖြင့် ဝမ်းရေးအတွက် ရေကြည်ရာ မြက်နုရာရှာရန် နေရပ်စွန့်ခွာသူ အရေအတွက် မြင့်တက်လာသည်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်မှာ သိန်းနှင့်ချီ ရှိခဲ့ရာ မေဇင်သည်လည်း ထိုလူပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့လေသည်။
“၁၀၂၇ စစ်ဆင်ရေး”၏ နောက်ဆက်တွဲအဖြစ် မြေပြင်တိုက်ပွဲများ၊ လမ်းပိတ်ဆို့မှုများနှင့် စားဝတ်နေရေး အခက်အခဲများက သူမအတွက် နောက်ဆုံး ရွေးချယ်မှုအဖြစ် “နယ်စပ်” သို့ တွန်းပို့ခဲ့သည်။
ယခုအခါ မိခင်ဖြစ်သူသည်လည်း အခြားဒေသ တစ်ခုတွင် အသက်ရှင် ရပ်တည်ရေးအတွက် အလုပ်လုပ်ရင်း ရုန်းကန်နေရပြီး မေဇင် ကိုယ်တိုင်မှာမူ တရုတ်နယ်စပ်ရှိ စက်ရုံတစ်ခုသို့ အကြွေးနှင့် ရောက်ရှိလာခဲ့သည်။
ထိုအကြွေးများသည် သူမ၏ နယ်စပ်ခရီးစဉ်အတွက် ပထမဆုံးသော ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အကြွေးမကျေမချင်း အဆိုပါ နိုင်ငံရပ်ခြား တိုင်းတပါးမြေမှ ရုန်းထွက်၍ မရနိုင်ကြောင်း တိတ်တဆိတ် သတိပေးနေသည်။

နယ်စပ်ဂိတ်ကို ဖြတ်ကျော်ခဲ့သော နေ့ရက်သည် လွတ်မြောက်ခြင်းလား သို့မဟုတ် ပိုမိုနက်ရှိုင်းသော ချည်နှောင်မှုလား သူမ ကိုယ်တိုင် မသေချာနိုင်ခဲ့။ ငွေကြေးရရှိရန်အတွက် တရားဝင်နယ်စပ်ဂိတ်မှ ဝင်ရောက်လာခဲ့ရသော်လည်း သူမ၏ ခရီးလမ်းသည် လုံးဝ လုံခြုံသည်ဟု မဆိုနိုင်ပေ။
သူမတို့မိသားစု အခြေအနေသည် စစ်ဘေးဒဏ်ကြောင့် အကာအကွယ်မဲ့သွားသော မြန်မာပြည်သူများ၏ နမူနာ ပုံရိပ်တစ်ခုပင် ဖြစ်သည်။
မေဇင် လုပ်ကိုင်ရသော တရုတ်နယ်စပ်ရှိ စက်ရုံသည် ကျွမ်းကျင်မှုအလိုက် A, B, C စနစ်ဖြင့် လစာပေးပြီး A အဆင့် (ကျွမ်းကျင်) သည် တစ်လလျှင် လစာ ၁၆၀၀ ယွမ် (ကာလပေါက်ဈေး မြန်မာကျပ်ငွေ ၉၅၀,၀၀၀ ခန့်) နှင့် ရက်မှန်ကြေး ၂၀၀ ယွမ် (မြန်မာကျပ်ငွေ ၁၁၆,၀၀၀ ခန့်) ရရှိပြီး အချိန်ပိုကြေး တစ်နာရီလျှင် ၅ ယွမ် ရရှိသည်။
B အဆင့် (အတန်အသင့် ကျွမ်းကျင်) သည် တစ်လလျှင် လစာ ၁၄၀၀ ယွမ် နှင့် ရက်မှန်ကြေး ၂၀၀ ယွမ်၊ အချိန်ပိုကြေး တစ်နာရီလျှင် ၄.၅ ယွမ် ရရှိပြီး C အဆင့် (ပုံမှန်) သည် တစ်လလျှင် လစာ ၁၃၀၀ ယွမ် နှင့် ရက်မှန်ကြေး ၂၀၀ ယွမ်၊ အချိန်ပိုကြေး တစ်နာရီလျှင် ၄ ယွမ်သာ ရရှိသည်။
C အဆင့် (ပုံမှန်) သာရှိသည့် မေဇင် တစ်ယောက် တစ်နေ့တာ အလုပ်လုပ်ချိန် ၁၂ နာရီနှင့် အချိန်ပို ၂ နာရီ၊ စုစုပေါင်း ၁၄ နာရီကြာ စက်ရုံ၏ အပူရှိန်ကြားတွင် ကုန်ဆုံးရသည်။ သူမ၏ လုပ်အားခသည် ကုန်ခမ်းသွားသည့် အားအင်၊ ပင်ပန်းမှုနှင့် တိုက်ရိုက် အချိုးကျနေသည်။
“လုပ်ငန်းခွင် စရောက်တုန်းကတော့ မလုပ်တတ်သေးတော့ အဆင်မပြေဘူးပေါ့။ အခုတော့ တတ်သွားတော့ အဆင်ပြေသွားပါပြီ။ လုပ်အားခ နှစ်ဆ ဆိုတော့ ဖိအားက ပိုများတာပေါ့”

စက်ရုံ၏ အဆင်ပြေသော လစာထုတ်ပေးမှု၊ ကိုယ်ကာယနှင့် နှုတ်ပိုင်းဆိုင်ရာ စော်ကားမှုများ မကြုံတွေ့ရခြင်းက သူမအတွက် အနည်းငယ် စိတ်သက်သာရာ ရစရာ ဖြစ်ခဲ့သည်။ ထို့အတူ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များမှ အမျိုးသမီးပေါင်း များစွာ ထိုစက်ရုံတွင် လာရောက်လုပ်ကိုင် နေခြင်းဟာ သူမအတွက် တစ်ဖက်နယ်စပ်မြို့မှာ အားတစ်ခု ဖြစ်စေခဲ့သည်။
ပြင်ပအချက်အလက်များအရ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကဲ့သို့ နယ်စပ်ဒေသများရှိ အထည်ချုပ် လုပ်ငန်းများတွင် မြန်မာအလုပ်သမားများ၏ ပျမ်းမျှလစာသည် တရုတ်ပြည်မနှင့် နှိုင်းယှဉ်လျှင် နည်းပါးသော်လည်း မြန်မာနိုင်ငံတွင်းရှိ အထည်ချုပ်စက်ရုံများ၏ အနိမ့်ဆုံး လုပ်ခလစာထက် များစွာ သာလွန်နေခြင်းကြောင့် ၎င်းတို့အတွက် ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။
မေဇင် သည် စာချုပ်ချုပ်ဆိုထားသည့် တစ်နှစ်တာ ကာလကို မဖြစ်မနေ ဖြတ်သန်းရမည်။ အကယ်၍ စာချုပ်မပြည့်မီ စက်ရုံမှထွက်ခွာပြီး နေရပ်ပြန်မည်ဆိုပါက နယ်စပ်လာစဉ်က လမ်းစရိတ် အကြွေးနှင့်အတူ လုပ်ခလစာ တစ်လစာပါ ဖြတ်တောက်ခံရမည်။
ထို့ကြောင့် သူမ၏ လွတ်လပ်ခွင့်သည် ဤအေးစက်သော အထည်ချုပ်စက်ရုံ၏ စည်းကမ်းချက်အောက်တွင် ပိတ်လှောင်မိနေသည်။
လုပ်အားခ များသလောက် အလုပ်ချိန်များခြင်းနှင့် ဖိအားများသည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေသည်။ အထူးသဖြင့် စားသောက်မှု အဆင်မပြေခြင်းသည် သူမနှင့် အခြားသော အလုပ်သမားများ ကြုံတွေ့ရသော ပြဿနာဖြစ်သည်။
“စားတာတော့ အဆင်ပြေတဲ့ထဲမှာတော့ မပါဘူး။ အစားဂျီးများတဲ့သူ ဆိုရင်တော့ အဆင်မပြေဘူး”ဟု မေဇင်တစ်ယောက် အစားအသောက် အဆင်မပြေမှုအပေါ် ညည်းတွားသည်။

တစ်ဦးတည်း နေထိုင်ရသော နယ်စပ်ဒေသတွင် အမြဲတမ်း လွမ်းဆွတ်နေရသည့် အရာမှာ မိသားစုဖြစ်ပြီး ဇာတိမြေမှ ဝေးကွာခြင်း၏ စိတ်ဒဏ်ရာကို လုပ်ငန်းခွင်၏ ပင်ပန်းမှုနှင့်အတူ နေ့စဉ် ထမ်းပိုးထားရသည်။
မေဇင်သည် အထည်ချုပ်စက်ရုံတွင် လက်ရှိ စာချုပ်ချုပ်ဆိုထားသည့် တစ်နှစ်တာ ကာလကို ပြည့်အောင် လုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်။
“ရတဲ့ ပိုက်ဆံလေးတွေ စုပြီး စီးပွားရေးတစ်ခုတော့ ပြန်လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု မေဇင် တစ်ယောက် ကိုယ်စိတ်နွမ်းလျနေသည့်ကြား မျှော်လင့်ချက်ရှိဟန် ပြောဆိုသည်။
သူမ၏ မျှော်လင့်ချက်တစ်ခုသာ ရှိသည်။ ဤတစ်နှစ်တာ ကာလကို ပြည့်အောင် လုပ်ပြီး ရရှိသည့် ငွေကြေးများဖြင့် မိခင်နှင့် ပြန်လည်ဆုံတွေ့ကာ စီးပွားရေးတစ်ခု ပြန်လည်စတင်ရန် ဖြစ်သည်။
မေဇင်တို့ မိသားစု၏ ကံကြမ္မာသည် စစ်ဒဏ်ကြောင့် နေအိမ်နှင့်တကွ အိပ်မက်များပါ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် မြန်မာပြည်သူ ထောင်ပေါင်းများစွာ၏ ဘဝများကို ကိုယ်စားပြုနေသည်။
နယ်စပ်မှ စက်ချုပ်သံများသည် မိသားစုနှင့်ခွဲခွာကာ အိမ်အပြန်ခရီးအတွက် ငွေကို ကျစ်ကျစ်ပါအောင် ရှာဖွေစုဆောင်းနေရသည့် မြန်မာအမျိုးသမီးများ၏ လှိုက်လှဲသော ငိုကြွေးသံတစ်ခုပမာ ပဲ့တင်ထပ်နေပါသည်။
နန်းလောဝ် ရေးသားသည်။












Leave a Comments