NCA ၃ နှစ်ကျော်ကြာပေမယ့် ထင်သာမြင်သာ တိုးတက်မှုမရှိသေး PPST ခေါင်းဆောင်ပြော

0

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူညီ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ကျော်ကြာပြီဖြစ်သော်လည်း ထင်သာ မြင်သာ တိုးတက်မှုများ မရှိသေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောသည်။

Photo Credit to NCA-S EAO – မေလ ၁၄ ရက် ၂၀၁၉ က ချင်းမိုင်မြို့တွင်ကျင်းပသော NCA- s- EAO ထိပ်သီးအစည်းအဝေး

မတ် ၁၄ ရက် ယနေ့စတင်ကျင်းပသည့် ၄ ကြိမ်မြောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ (NCA-S  EAO) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တွင် ဗိုလ်ချုပ်ကြီး ယွတ်စစ် က အဖွင့်မိန့်ခွန်းပြောကြားရာတွင်ထိုသို့ပြောဆိုခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးခဲ့သည့် ၃ နှစ်ကျော် ကာလ အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၄ ကြိမ် သို့မဟုတ် ၂၁ ရာစု ပင်လုံ ၃ ကြိမ် တိုင်တိုင် ကျင်းပခဲ့သော်လည်း ထင်သာမြင်သာ သည့် တိုးတက်မှု များမရရှိခဲ့သေးကြောင်း၊ လုပ်ထုံးလုပ်နည်း နည်းပညာပိုင်းဆိုင်ရာ များမှာလည်း အချိန်ကုန်စေခဲ့ကြောင်း မိန့်ခွန်း တွင် ဖော်ပြထားသည်။

ထို့ပြင် “ ဆွေးနွေးတဲ့ နည်းနာတွေကို ကျနော်တို့ မပြင်ဆင် နိုင်ခဲ့ဘူး။ ဆွေးနွေးတဲ့နေရာ မှာ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်း ဖြစ်ဖို့ လိုပါတယ်။ သူ့မူ ကိုယ်မူ ကို အသေဆုပ်ကိုင်ပြီး ဆွေးနွေးမည် ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး” ဟုလည်း PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားခဲ့သည်။

NLD အစိုးရ လက်ထက် မှာ ၂၁ ရာစု ပင်လုံ ကို ၃ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှု မရရှိသေးသည်မှာ အစု အဖွဲ့ အားလုံး သည် သူ့မူ ကိုယ့်မူ ကို မလျော့တမ်း ဆုပ်ကိုင်ထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုသည်။

ထို့အပြင် တခုတည်းသော တပ်မတော် ၊ တပ်မတော်မူ ၆ ချက် များတင်မကဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ထားပြီး အထိမခံ ပါက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အလှမ်းဝေးကွာမည် ဟုလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည် ကိုတွေ့ရသည်။

“ သူ့မူ ကိုယ့်မူ ကို ခဏဘေးဖယ် ထားပြီး သဘာဝ အတိုင်း ဖြစ်သင့် ဖြစ်ထိုက် တာကို ဆွေးနွေး နိုင်ရင်တော့ နှစ်ဖက်စလုံး အရှုံးကို မရင်ဆိုင် ရဘဲ အောင်မြင်မှု ကို နှစ်ဦး နှစ်ဖက် ရရှိမှာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က မိန့်ခွန်း တွင် ပြောကြားခဲ့သည်။

လက်ရှိ ကျင်းပနေသည့် NCA -S  EAO ထိပ်သီးအစည်းအဝေးသည် ချင်းမိုင်မြို့ ခုမ်းဖူးခမ်း ဟိုတယ်တွင် မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ ထိကျင်းပမည် ဖြစ်ပြီး အဓိက အနေဖြင့် ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို မည်သည့် နည်းလမ်းဖြင့်ကျော်လွှားနိုင်မည်ကို အဖြေရှာခြင်း နှင့် PPST ၏ ဖွဲ့စည်းပုံ ကို ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက အလျဉ်းသင့် ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်မည့်ကိစ္စများ ဆွေးနွေးသွားမည် ဖြစ်သည်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အပြင်  ကချင်လွတ်မြာက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE