NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အောက်တိုဘာလဆန်းပိုင်းတွင် ကျောက်မဲမြို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ယနေ့ (အောက်တိုဘာ ၁၅ ရက်) တွင် သီပေါမြို့နှင့် အနီးပတ်ဝန်းကျင် မန်ဟဲကျေးရွာအုပ်စုထဲသို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အခု ရွာတွေမှာက စစ်တပ်တွေ အကုန်ရောက်နေပြီ၊ ပလောင်စစ်သားတွေ မရှိတော့ဘူး။ ခုနကတော့ ဂေါ်ဒန်နဲ့ နမ့်ဟူးနွဲ့ရွာထဲက ပါရမီတံတားတွေဘက်မှာ လိုက်ပစ်နေကြတာ။ ဂေါ်ဒန်သတ္တုတွင်းနားနဲ့ တွန်ခေါ့ရွာတွေမှာတော့ မီးလောင်နေတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညနေပိုင်းတွင်လည်း သီပေါမြို့ အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲခဲ့ပြီး အရပ်သားနေအိမ်နှင့် သီလရှင်ကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာ ၁၃ ရက်တွင် သီပေါမြို့နှင့် ၆ မိုင်ခန့် ကွာဝေးသည့် ဘော်ကြိုကျေးရွာကို စတင်ဝင်ရောက်လာခဲ့ကြောင်း သိရပြီး သမိုင်းဝင် ဘော်ကြိုဘုရားအနီး တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ရန် ဒေသခံများက နှစ်ဖက်တပ်ဖွဲ့ထံ မေတ္တာရပ်ခံကြောင်း ပိတ်စပေါ်တွင် စာရေးသားချိတ်ဆွဲကာ တောင်းဆိုခဲ့ရကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကော်မရှင်တပ်က သီပေါမြို့တွင်းသို့ ဝင်ရောက်နိုင်ရန် ပြည်ထောင်စုလမ်းမကြီးဘေးရှိ တွန်ခေါ့ကျေးရွာ၊ နားခဲကျေးရွာ၊ နမ့်ဟူးနွဲကျေးရွာဘက်တွင် TNLA တပ်ဖွဲ့နှင့် မြေပြင်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတော့ ကျေးရွာတွေမှာ TNLA က ခံစစ်အနေနဲ့ ဆက်တိုက်နေတဲ့ သဘော။ အဲ့ဘက် ကျေးရွာတွေကနေ TNLA တပ်ဆုတ်သွားပြီဆိုရင်တော့ သီပေါကို စစ်တပ်က အေးဆေးပြန်သိမ်းနိုင်မယ့် အခြေအနေ ရောက်သွားနိုင်တယ်” ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်)တွင် စစ်ကော်မရှင်တပ်သည် သီပေါမြို့နှင့် ၃ မိုင်ခန့် အကွာအဝေးတွင် တည်ရှိသည့် ကျေးရွာ ၅ ရွာခန့်ထဲသို့ လေကြောင်းနှင့် ဆက်တိုက်ဗုံးကြဲခဲ့ပြီး ယနေ့ (အောက်တိုဘာ ၁၅ ရက်) တွင် မြေပြင်ထိုးစစ်ဆင်မှုများ ရှေ့တိုးလာခြင်းဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောဆိုသည်။

ထိုသို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် သီပေါမြို့နယ် နမ့်ဟူးနွဲ့ကျေးရွာအတွင်း နေအိမ်နှင့် ဘုန်းကြီးကျောင်း ဇရပ်ဆောင်များ ထိခိုက်ပျက်စီးသွားပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိ သီပေါမြို့အတွင်း TNLA တပ်သားများ သွားလာလှုပ်ရှားမှု မရှိတော့ဘဲ သီပေါမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ထို့ပြင် TNLA တပ်သားများသည် သီပေါမြို့မှ ထွက်ခွာသွားချိန်တွင်လည်း မြို့တွင်း စာသင်ကျောင်းရှိ စာရေးခုံများ၊ မီးသတ်ကားများနှင့် ရေတိုင်ကီများကို ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ထဲက အမက (၁) မူလွန် စာသင်ကျောင်းထဲက ခုံတွေကို သယ်ယူသွားကြတယ်။ မီးသတ်ကားတွေအစ မရှိတော့ဘူး၊ မီးမလောင်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ပြီးတော့ ရေတိုင်ကီတွေ၊ ဆောက်လုပ်ရေးကားတွေကို တစ်စစီ ဖြုတ်ယူသွားကြတာ၊ မြင်လို့ကို မကောင်းဘူး” ဟု မျက်မြင်တွေ့ခဲ့သည့် အဆိုပါအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်၌ စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ပေးမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သော်လည်း စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ယခု အောက်တိုဘာလ ၁ ရက်တွင် စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို ပြန်သိမ်းပိုက်နိုင်ရန်အတွက် မြေပြင် ထိုးစစ်ဆင်လာသည့်အပြင် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အခြားတဘက်မှာလည်း “ငြိမ်းချမ်းရေး”ဟု ပြောဆိုကာ ၎င်းဆုံးရှုံးလိုက်သည့် နယ်မြေများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...