၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လားရှိုးမြို့တွင် လူထုအင်အားထောင်ချီဆန္ဒဖော်ထုတ်

0

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် လူထုအင်အားထောင်နှင့်ချီကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

Photo SHAN- ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လားရှိုးမြို့တွင် လူထုအင်အားထောင်ချီဆန္ဒထုတ်ဖော်

မေလ ၁၁ ရက်နေ့က ဒေသခံလူထု၊ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ လားရှိုးမြို့တွင်းနှင့်အနီးတဝိုက်ရှိ ၀ ၊ တအာင်း တိုင်းရင်းသားများ အင်အားထောင်နှင့်ချီကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုဖြစ်မြောက် ရေးကော်မတီဝင်စိုင်းခမ်းကော်က – “ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ထောက်ခံအားပေးဖို့က ကျနော်တို့ပြည်သူလူထုအားလုံးနဲ့သက်ဆိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုကျနော်တို့အလိုမရှိပါဘူး။ အဲ့ထဲ့မှာဆိုရင်မိဘပြည်သူကို တဖက်သတ် ဖိနှိပ်ထားတာတွေချည်းဘဲ။ အဲ့ထဲမှာပါတာတွေကိုအသစ်ပြန်ပြင်ချင်တယ်။ ဒါကြောင့်ကျနော်တို့ကလာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo SHAN- ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လားရှိုးမြို့တွင် လူထုအင်အားထောင်ချီဆန္ဒထုတ်ဖော်

၎င်းဖွဲ့စည်းပုံပါဥပဒေများအနက် လူထုခံစားနေရသော လယ်ယာမြေ နှင့်ပတ်သက်သည့် ဥပဒေများ၊ လူထု၏ ဘိုးစဉ်ဘောင်ဆက်ကတည်းက စိုက်ပျိုးလုပ်ကိုင်စားသောက်လာသောလယ်ယာမြေများအား သိမ်းယူနိုင်ရန်ရေးဆွဲထားသည့်ဥပဒေများနှင့် လူထုမှ ပြန်လည်တောင်းယူ၍မရအောင်ရေးဆွဲထားသော ဥပဒေများ အားအထူပြင်ဆင်လိုကြကြောင်း စိုင်းခမ်းကော်က ဤကဲ့သို့ဆက်ပြောသည်။

 

“ကျနော်တို့ပြည်သူလူထုဟာ လယ်ယာစိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်စားသောက်အသက်မွေးဝမ်းကြောင်းပြုကြတယ်။ လယ်ယာမြေနဲ့ပတ်သက်ပြီး ဥပဒေက တဖက်သတ်ဖိထားတာက ဥပဒေ ပုဒ်မ ၁၀၊ ၂၂၊ ၂၇ စတာတွေဖြစ်တယ်။ အဲ့မှာ ပုံစံ ၇ တွေ ပုံစံ ၁၀၅ တွေအတင်းလျှောက်ခိုင်းတာတို့၊ ဘိုးဘွားပိုင်စိုက်ပျိုးမြေတွေကို အချိန်မရွေး သိမ်းယူနိုင်မယ့်ဥပဒေတွေ၊ သူတို့သိမ်းသွားတဲ့မြေတွေကိုပြန်တောင်လို့မရအောင် ကန့်သတ်ထားတဲ့ဥပဒေတွေ အများကြီးရှိပါတယ် ပြင်ဆင်ဖို့လိုနေတာတွေက”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ယခုနှစ်ဆန်းပိုင်းက ကော်မတီဖွဲ့စည်းထားကြောင်းလည်းသိရသည် ။

ပြီးခဲ့သည့်မတ်လကပင် တောင်ကြီးမြို့အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ထောက်ခံကြောင်းဒေသခံလူထု ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE