Thursday, April 25, 2024

ပါတီမူဝါဒတွေကိုပြင်ဆင်ဖို့နဲ့ ပါတီစည်းစနစ်ကျဖို့အတွက် SNLD ဗဟိုအလုပ်အမှုဆောင်များ မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

Must read

ပါတီမူဝါဒတွေကိုပြင်ဆင်လုပ်ဆောင်နေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကပါတီဝင်တွေနဲ့တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။

SNLD ဗဟိုအလုပ်အမှုဆောင်များ မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်၊ ဘဏ္ဍာရေးတာဝန်ခံ ဦးစိုးမြင့် နဲ့အတူ သျှမ်းပြည်မြောက်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ စိုင်းလှဖေတို့ကနေ အလုပ်အမှုဆောင်တွေနဲ့ ပါတီဝင်တွေကိုသွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

SNLD တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်က – “ကျနော်တို့ ဆွေးနွေးသွားတာကတော့ ခေါင်းစဉ် ၃-၄ ခုလောက်ရှိပါတယ်။ ပထမတခုက BRI Belt and Road Initiative ၊ နောက် မြေလွတ်မြေလပ် မြေရိုင်းများ ပြန်လည်ပြင်ဆင်ရေးဥပဒေ၊ ဒါတွေက ပြည်သူတွေကိုဘယ်လိုထိခိုက်မယ် ၊ဘယ်လိုထိခိုက်နစ်နာစေမလဲ။ ကျနော်တို့ဘယ်လို ကာကွယ်ရမလဲ ဒါကတပိုင်း။ ဒုတိယတပိုင်းက Party Institution ၊ ရှေ့ဆက်ပါတီရဲ့စည်းစနစ်ကျနမှုကို ပိုပြီးအားကောင်းလာအောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ပါတယ်။ နောက်တခု ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဘယ်လိုဆောင်ရွက်မလဲ ။ နောက်ဆုံးတခုက ပါတီမူဝါဒ ပါတီပလက်ဖောင်းပါ။ ကျနော်တို့ ခေါင်းစဉ် ၃၀ လောက်ရှိတဲ့ဟာကို မြို့နယ်ပါတီဝင်တွေက ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်မှာ ဘယ်လိုပူးပေါင်းသွားနိုင်မယ်ဆိုတာ ရှင်းပြတယ်။ စည်းရုံးတယ်။” – လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

SNLD ဗဟိုအလုပ်အမှုဆောင်များ မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

SNLD ကျားခေါင်းပါတီဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး သျှမ်းပြည်မြောက်ပိုင်း ၄ မြို့နယ်မှာ ပါတီဝင်တွေနဲ့တွေ့ဆုံပါတယ်။ ၁၈ ရက်နေ့က သီပေါ၊ ၁၉ ရက်နေ့က လားရှိုး၊ ၂၁ ရက်နေ့က တန့်ယန်းနဲ့ ၂၂ ရက်နေ့က မိုင်းရယ်က ပါတီဝင်တွေကိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က -“ SNLD ပါတီကို လူပုဂ္ဂိုလ်ဦးဆောင်တဲ့ မူဝါဒကနေ မူဝါဒကိုအခြေခံတဲ့ ပါတီဖြစ်အောင် ကျနော်တို့ စတင်ပြီး ပြောင်းလဲနေတာဖြစ်တယ်။ အဖွဲ့အစည်းရဲ့ စည်းစနစ်ကျနမှုအပိုင်းတွေပိုပြီးတော့ အင်အားကောင်းတဲ့အပိုင်းတွေပါမယ်။ သဘောအဖြစ် မူဒါဒဆိုတာ ဖက်ဒရယ်တည်ဆောက်ရေးနဲ့ပတ်သက်တဲ့အခါ SNLD ရဲ့ မူဝါဒက ဘာလဲ။ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်ရင် ဘယ်လိုလဲ။ အလုပ်သမားအရေးနဲ့သက်ဆိုင်ရင် ဘယ်လိုလဲ။ လူငယ်ကိစ္စတွေရှိမယ်။ ကျားမ တန်းတူကိစ္စရှိမယ် ရေးဆွဲထားသင့်တဲ့မူဝါဒတွေ ရေးဆွဲထားပါတယ်။ တချို့မူဝါဒတွေလည်းပြီးနေပါပြီ။ တချို့မူဝါဒလည်းဆက်လက်ရေးဆွဲနေပါတယ်။ ”- လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာဏာရ ဖို့ NLD ပါတီက ဒီနှစ်မှလှုပ်ရှားမှုစတင်တာကြောင့် SNLD ပါတီအနေနဲ့ လွှတ်တော်တွင်း နေရာရခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ဥပဒေပြင်ဆင်ဖို့ မလုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်း စိုင်းလိတ်က ပြော ဆိုပါတယ်။

“တကယ်လို့ ကျနော်တို့ ပြင်ဆင်ပေမယ့် အာဏာရပါတီက မလှုပ်ရှားရင် ကျနော်တို့လည်း မလုပ်ဆောင်နိုင်ဘူး။ ဥပဒေပြင်ဆင်ဖို့နည်းလမ်း ၃ ခုရှိပါတယ်။ ပထမတခုကလွှတ်တော်ထဲမှာနေပြီးပြင်ဆင်မယ်။ နောက် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးညှိနှိုင်းပြီး ပြင်ဆင်မယ်။ နောက် လွှတ်တော်အတွင်း အပြင်က နိုင်ငံရေးပါတီတွေ ပါ၀င်နိုင်ဖို့ စုပေါင်းတောင်းဆိုတာဖြစ်တယ်။ ဒီ ၃ ခုကို လုပ်ဆောင်လာပေမယ့် တပ်မတော်နဲ့ NLD အစိုးရက တကယ်ပြင်ချင်တဲ့ ဆန္ဒမရှိရင် ပြင်ဆင်တာမအောင်မြင်နိုင်ဘူး။ ဒါကြောင့် ကျေနပ်ရောင့်ရဲမှု မရှိသေးပါဘူး။ ” လို့ စိုင်းလိတ်က ပြောပါတယ်။

လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးနဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်တို့ကို စာရင်းပေးထားတယ်။ လက်ရှိမှာတော့ ဥပဒေပြင်ဆင်ဖို့အသင့်ရှိပြီဖြစ်ကြောင်း SNLD ကပြောပါတယ်။

“ ရွေးကောက်ပွဲမနိုင်ရင် ဥပဒေကို ကြိုးစားပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ နားလည်တဲ့အတွက် ၂၀၂၀ ကျရင် သျှမ်းပြည်သာမက သျှမ်းလူမျိုးတွေ နေထိုင်တဲ့နေရာတွေမှာ ပေါ်လစီ ၊ မူဝါဒတွေ အပေါ်အဓိက ထားပြီး အောင်နိုင်ဖို့ စည်းရုံးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။” – SNLD တွဲဖက်အတွင်းရေးမှူး ၁ စိုင်းလိတ်ကပြောပါတယ်။

ယခု မြို့နယ်တွေက ပါတီဝင်တွေကို တွေ့ဆုံရခြင်းကတော့ Party Institution ပါတီရဲ့စည်းစနစ်ကျတဲ့ အဖွဲ့အစည်းတခု့ရဲ့ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေရှိအောင် သက်ဆိုင်ရာမြို့နယ်တိုင်းက ပါတီဝင်တွေကို အထောက်အကူပြုဖို့ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article