Tuesday, April 23, 2024

မင်းမဲ့စရိုက်ဆန်သည့် မူစယ် တွင် သေနတ်ဖောက်မှု သက်ဆိုင်ရာမှ အမြန်ဆုံး တာဝန်ယူ စိစစ်ပေးရန် မူစယ် ဒေသခံများက တောင်းဆို

Must read

အများပြည်သူ လည်ပတ် သည့်နေရာ တခုတွင် အရပ်သားဝတ်စုံ ဝတ်ဆင်ထားသည့် လူတစု က သေနတ်ကို မိုးပေါ် ထောင်ဖောက် သည့် ရုပ်သံသည် လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

Photo by Tung Huayli Youth/ လူငယ်တစုပစ်ဖောက်ခဲ့သည့်သေနတ်ကျည်ခွံတချို့

ထိုဖြစ်စဉ်သည် တရုတ်နယ်စပ် မူစယ်မြို့ ဖြစ်သည့် ရွှေလီမြစ် (နမ့်မောဝ်) နဘေး တွင် ယမန်နေ့ (ဇန်နဝါရီ ၁၀)ရက်နေ့ ညနေ တွင် ဖြစ်ပွားခဲ့သည်။

ထိုနေရာသည် မူစယ်မြို့ ရွှေလီမြစ်(နမ့်မောဝ်) ဘေး တော်ရွက် လှေဆိပ် တွင် ဒေသခံများ စိတ်အပန်းဖြေ ပျော်ပွဲစားထွက်သည့် နေရာတခုဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့သည် တနင်္ဂနွေနေ့ ကလေးများ ကျောင်းပိတ်ရက်၊ လူကြီးသူမ များအလုပ်နားရက်ဖြစ်သဖြင့် လူစည်ကားနေသည့် နေရာတခုလည်းဖြစ်သည်။

“ သေနတ်သံလည်း ကြားရော ပျော်နေတဲ့ အပျော်တွေတောင် ဘယ်ပျောက်သွားလဲ မသိဘူး။ ဆိုနေတဲ့ သီချင်းတောင် ဘယ်ရောက်သွားလဲ မသိဘူး။” ဟု ရွှေလီမြစ် နဘေးတွင် ပျော်ပွဲစားထွက်လာသည့် နန်းအေး က ဆိုသည်။

သေနတ်သံ ဖောက်ချိန်တွင် နန်းအေး တို့အုပ်စုတွင် ပျော်ရွှင်စွာ စားသောက်နေသည့် သူ၊ သီချင်းဆို နေသည့်သူ နှင့် ကိုယ်စီ ပျော်ရွှင်နေကြသည်။

“ သေနတ်သံကြားတော့ လူက လန့်သွားတယ်။ ကလေးတွေကလည်း ပါတော့ ပိုဆိုးတာပေါ့။ သေနတ်သံ ၁၀ ချက်လောက်ရှိမယ်” ဟု နန်းအေး က ဆိုသည်။

ထို မြစ်နဘေးတွင် စျေးဆိုင်တန်းများ တည်ခင်းရောင်းချ ကာ အသက်အရွယ် စုံ လာရောက်ပျော်ပွဲကြပြီး၊ သူငယ်ချင်းများ၊ မိသားစုများ စုဝေးကာ အရက်၊ ဘီယာများနှင့်သောက်စားရင် အကင်များ လာရောက် ပြုလုပ် စားသောက်ကြသည်။

အဆိုပါ သေနတ်ပစ်သည့် သူများသည် မည်သည့်အဖွဲ့များဖြစ်သည်ကို သေချာမသိရှိကြောင်း၊ ပြောဆိုသည့် စကားများမှာ တရုတ်ဘာသာ စကားများဖြစ်ပြီး၊ ထိုသူများသည် ပြည်သူများကို ထိတ်လန့်မှု ဖြစ်အောင် ဖန်တီးကြခြင်းဖြစ်သည် ဟု မူစယ်ဒေသခံများက ပြောဆိုလိုက်သည်။

“ ဘယ်ကလူတွေလည်းမသိဘူး။ သေနတ်တွေပါတယ်။ ပြည်သူ့စစ်တွေ ဖြစ်နိုင်ပါတယ်။ အရက်မူးပြီး ပစ်တာ” ဟု မူစယ်မြို့ စိုင်းအောင်မြင့် က ပြောသည်။

Photo by Tung Huayli Youth/ သေနတ်ပစ်ဖောက်ခဲ့သည့်နေရာ

သေနတ်ကိုင်ဆောင်သူများသည် ဝတ်စုံ အပြည့် ဝတ်ရမည်ဖြစ်ရာ ထိုလူငယ်များမှာ သာမာန်အရပ်သားဝတ်စုံ သာဝတ်ဆင်သဖြင့် မည်သည့်အဖွဲ့အစည်းမှန်း ခန့်မှန်းပြောဆိုရင်ခက်ခဲကြောင်း စိုင်းအောင်မြင့်က ပြောသည်။

ထို သေနတ်ပစ်ခတ် ကစားနေသည့် လူငယ်များသည် အသက် ၂၅နှစ် မှ အသက် ၃၅အရွယ် ဖြစ်ကြပြီး၊ အချင်းချင်း ရန်ဖြစ်ကာ ပစ်ခတ်ခြင်းမဟုတ်ဘဲ မြစ်ဘေးသို့ လာရောက် ကစားသည့် ပြည်သူများ ထိတ်လန့်အောင် ပြုလုပ်နေခြင်းဖြစ်ပြီး မင်းမဲ့စရိုက်ဆန်လွန်းသည်ဟု မူစယ် ဒေသခံများက မှတ်ချက်ပြုသည်။

“ သေနတ်ကတော့ နမ့်မောဝ်မြစ် အပေါ်ပိုင်း နဲ့မြစ်အောက်ပိုင်းဘက်ကိုအပြန်အလှန်ပစ်ခတ်ကြတာ။ ကျနော် မြစ်အောက်ပိုင်းမှာ ကျည် ၅ တောင့်ကောက်လာတယ်” ဟု စိုင်းအောင်မြင့် က ဆိုသည်။

ထို လူငယ်များ သေနတ်ကျည်ဆံ အချက်ပေါင်းများစွာ အပြိုင်အဆိုင် ဖောက်နေကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ဖြေရှင်းပေးခြင်း၊ အရေးယူပေးခြင်းမရှိပေ။

“ ဒါကတော့ မင်းမဲ့ စရိုက်ဆန်ဆန် ပါပဲ။ ရဲတွေ ကလည်းလွှတ်ထားတဲ့ သဘောပဲ” ဟု စိုင်းအောင်မြင့် က ပြောသည်။

မူစယ်မြို့တွင် သေနတ်ကိုင်ဆောင်သူအများစုသည် ပြည်သူ့စစ်များဖြစ်ကြသလို သေနတ်ကိုင်သူများသည် မူးယစ်ဆေးဝါး၊ လောင်းကစားများနှင့် လွှတ်ကင်းသူမရှိကြောင်းလည်း မူစယ်ဒေသခံများက ဝေဖန်ပြောဆိုလိုက်သည်။

“ ကျနော်တို့ သေနတ်ပစ်သံ ကြားတာနဲ့ ထထွက်ပြေးကြတော့တယ်။ တကယ်ဆိုကျနော်တို့ ပျော်ဖို့ သွားကြတာ။ ပြည်သူတွေကို ထိတ်လှန့်အောင် သေနတ်ပစ်တော့ မပျော်ရဘူးလေ” ဟု သေနတ်ပစ်ချိန်တွင် အဆိုပါ မြစ်နဘေးတွင် ရောက်ရှိနေသည့် စိုင်းသိန်း က ပြောပြသည်။

Photo by Tung Huayli Youth/ သေနတ်ပစ်ဖောက်ခဲ့သည့်နေရာ

ထို သေနတ်ပစ်မှုကြောင့် မြစ်နဘေးတွင် ပျော်ပွဲစားထွက်သည့် ပြည်သူများက ကိုယ့်ပစ္စည်းကိုယ်သိမ်းကာ အိမ်ပြန်လာကြရသည် ဟုလည်း စိုင်းသိန်းက ပြောသည်။

“ တကယ်တော့ မိုးပေါ်ထောင်ပစ်တာ အုပ်စု ၃ စုလောက် ပြိုင်ပစ်နေတာ။အချက် ၁၀၊ ၂၀လောက်ရှိမယ်။ သေနတ်ကြွားကြတဲ့သဘောပဲ” ဟု အသက် ၃၀ ဝန်းကျင်ရှိသည့် စိုင်းသိန်း က ဆိုသည်။

ပြည်သူ့စစ် များကို စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ထားခြင်းမရှိပါက မည်သည့် လက်နက် မှ ကိုင်ဆောင်ခွင့်မရှိကြောင်း၊ မူစယ်တွင် အခြေစိုက်သည့် ပြည်သူ့စစ်များသည် တရုတ်ဘာသာစကားကိုသာ ပြောဆိုတက်ကာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ပြည်သူ့စစ် ပြုလုပ်နေခြင်းဖြစ်သည် ဟု မူစယ်ဒေသခံ များက ပြောဆိုလိုက်သည်။

အများပြည်သူ ပျော်ပွဲစားသည့်နေရာ ၊ အများပြည်သူ အနားယူသည်နေရာများတွင် ယခုကဲ့သို့ သေနတ်ပစ်ဖောက်ခြင်း သည် ရုပ်ဆိုးကျည်းတန်ကြောင်း၊ သေနတ်ကျည်ဖောက်သည့်အပေါ် ရှုတ်ချကြောင်းလည်း မူစယ် ဒေသခံများက ပြောသည်။

“ မူစယ်မြို့မှာဒီလို လူများတဲ့နေရာတောင် မလုံခြုံမှတော့ ကျန်တဲ့နေရာတွေ မတွေးဝံ့ဘူး။ ကိုယ့်လုံခြံုရေး ကိုယ် တာဝန်ယူနေရတယ်။ သေနတ်တွေကလည်း အလွယ်တကူ ဝယ်နိုင်တော့ ပိုဆိုးတယ်” ဟု နန်းအေးက ဆိုသည်။

အဆိုပါ နေရာသည် လွန်ခဲ့သည့် နှစ်မှစတင်ကာ မူစယ်ပြည်သူများ အပန်းဖြေရန် အတွက် နေရာ တခု ဖန်တီးလာပြီး၊ ထိုနေရာသည် မူစယ်ဒေသခံများ မကြာခဏ သွားရောက် လည်ပတ်သည့် နေရာဖြစ်သည်။

မူစယ်မြို့ ပေါ်တွင် မင်းမဲ့ စရိုက်ဆန် သေနတ်ပစ်ခတ်မှုများ၊ တရားဥပဒေစိုးမိုးမှုများကို သက်ဆိုင်ရာမှ အမြန်ဆုံး တာဝန်ယူ စိစစ်ပေးရန် မူစယ် ဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article