မိုးနဲမြို့ဒေသခံများစုပေါင်းကာ ဓမ္မဗိမာန်နှင့်ပြတိုက်တည်ဆောက်မည်

0

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း သက်တမ်း ၂၀၀ ကျော်ရှိ ကောင်းမူးမန်းဆားမောင်စံ (ဗိုလ်မှူးမင်းသားမောင်စံစေတီတော်ကြီး) အနီးတွင် ဓမ္မဗိမာန်တည်ဆောက်ရန်မိုးနဲမြို့ခံများစီစဉ်နေကြောင်းသိရသည်။

Photo credit to Sai Mg Gyi /မိုးနဲမြို့ သက်တမ်းနှစ် ၂၀၀ ကျော်ရှိ ကောင်းမူးမန်းဆားမောင်စံ နှင့် စဝ်ဖကျော်ဇံ သိမ်တော်ကြီး

“အခု ဓမ္မဗိမာန်တည်ဆောက်ဖို့အတွက် အလှူငွေကျပ်သိန်း ၁၀၀ လောက်ဘဲရှိပါသေးတယ်။ ဆရာတော်တွေနဲ့ရပ်မိရပ်ဖ တွေစုပေါင်းဆွေးနွေးပြီးတော့မှ ရေရှည်စီမံကိန်းပေါ့နာ် Long Plan နဲ့လုပ်သွားမယ်လို့ စီစဉ်ထားပါတယ်။ ကော်မတီတော်မဖွဲ့ ရသေးပါဘူး။ ကျနော်တို့ ဟော်လုံကျိုင်းတုံတုန်းကလိုမျိုးပေါ့ – လူထုအားလုံးရဲ့အလှူဒါန ဖြစ်စေချင်တယ်။ ”- ဟု ကောင်းမူးမန်းဆားမောင်စံ (စေတီတော်) ထိန်းသိမ်းရေးတွင် ဦးဆောင်ဦးရွက်ပါ၀င်ခဲ့ သည့်မိုးနဲမြို့ခံ ကျားဖြူပါတီ ( ၂၀၁၀-၁၅ အမတ်) စိုင်းမောင်ကြီးက သျှမ်းသံတော်ဆင့်အားပြောသည်။

တည်ဆောက်မည့်ဓမ္မဗိမာန်၊ ပြတိုက်အဆောက်အဦးမှာသက်တမ်း ၂၀၀ ကျော်ရှိကောင်းမူးမန်းဆားမောင်စံ (စေတီတော်) နှင့် သက်တမ်းနှစ် ၁၀၀ ကျော်ရှိ စဝ်ဖကျော်ဇံသိမ်တော်ကြီး၏ မြောက်ဘက်အရပ် မြေနေရာတွင်တည် ဆောက်မည်ဖြစ် ကြောင်းသိရ သည်။

“ကောင်းမူးမန်းဆားမောင်စံ နဲ့ စဝ်ဖကျော်ဇံသိမ်တော်ပုရဝုဏ်ကိုကျနော်တို့ ဒေသခံလူထု ခြုံနွယ်တွေရှင်းလင်းတာ၊ မြေသားတွေကို ပြန်ညှိတာတွေလုပ်ပြီးသွားတာ ၄-၅ ရက်ရှိပါပြီ။ စေတီတော်ရေရှည်တည်တ့ံအောင်၊ ရှေးလက်ရာလည်းမပျက်ရ အောင်၊ ထိခိုက်မှုလည်း မရှိအောင်အသေအချာဂရုစိုက်ပြီးလုပ်ရပါတယ်။ သိမ်တော်မှာ စဝ်ယိင်းစံဟွမ် မိသားစုနဲ့တခြားအလှူရှင်တချို့ကနေမတည်ထားတဲ့ အလှူငွေတချို့ရှိထားတယ်။ ကျနော်တို့က လုပ်အားဒါန နဲ့လုပ်ပေးသွားပါတယ်။ အရင်က ကျနော်တို့ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းမှု တွေ ဘာတွေကျတော့ ကုန်ကျစရိတ်က ကိုယ့်အားကိုယ်ကိုးပါဘဲ။ ဘယ်ဆီမှာမှမရသေးပါဘူး။ ” – ဟုလည်း စိုင်းမောင်ကြီးကဆိုပါသည်။

Photo credit to Sai Mg Gyi /မိုးနဲမြို့ သက်တမ်းနှစ် ၂၀၀ ကျော်ရှိ ကောင်းမူးမန်းဆားမောင်စံ နှင့် စဝ်ဖကျော်ဇံ သိမ်တော်ကြီး အား ဒေသခံများရှင်းလင်းမှုပြုကြစဉ်

ဗိမာန်တည်ဆောက်ရေးအတွက် မိုးနဲမြို့တွင်းက ထေရ်ကြီးဝါကြီးဆရာတော် သံဃာတော်များ ကလည်း ကျေးလက် တောရွာရှိ ဒေသခံလူထုနှင့်ကွင်းဆင်းတွေ့ဆုံရှင်းလင်းပေးခြင်းဖြင့် သျှမ်းစာပေနှင့်ယဉ် ကျေးမှုအဖွဲ့အား အားဖြည့် ကူညီပေးနေကြောင်းသိရသည်။

မိုးနဲမြို့တွင် သက်တမ်းရင့် စေတီတော် ၊ သမိုင်းဝင်စေတီတော်ကြီးများ အများအပြားရှိရာစေတီတော် သက်တမ်း ဆက်လက်ရှည်ကြာတည်တ့ံစေရေးအတွက် ရှေးမူမပျက်ဘဲ ပြုပြင်မွမ်းမံထိန်းသိမ်းသွားရန် ရှေးဟောင်း ယဉ်ကျေးမှု မြတ်နိုးသူများ၊ မိုးနဲမြို့ခံတချို့နှင့် သျှမ်းစာပေယဉ်ကျေးမှု၊ ဆရာတော် သံဃာတော်များက ပြုပြင်နေကြသည်။

တဖက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့ပူးပေါင်းကာ လွှတ်တော်မှ ပေးအပ်သော ကူညီထောက်ပံ့မှုဖြင့် မွေတော်ဟောင်စေတီတော်တွင် ပြုပြင်ထိန်းသိမ်းနေကြောင်း သိရသည်။

သမိုင်းဝင် မိုးနဲမြို့သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသည့်နယ်မြေ ၊ ခရီးသွားနယ်မြေတခုဖြစ် လာစေရေးအတွက် ဒေသတွင်းလူထုနှင့် တခြားဒေသရောက်မိုးနဲမြို့ခံများအား တတ်စွမ်းသည့်ဘက်မှ ပါ၀င်ပူးပေါင်းကြစေလိုကြောင်းမိုးနဲမြို့ခံ ရပ်မိရပ်ဖတဦးကလည်းပြောသည်။

“မိုးနဲမြို့မှာ ရှေးဟောင်းစေတီတွေကများတဲ့ခါကျတော့ ပညာရှင်တွေရော အလှူရှင်တွေရောအများကြီးလိုအပ်နေပါတယ်။ ” – ဟုလည်း စိုင်းမောင်ကြီးက ပြောဆိုပါသည်။

ဗိမာန်နှင့်ပြတိုက်တည်ဆောက်ရေးအတွက် အပြင်လက်ရှိ သိမ်တော်ပြုပြင်ရေးအတွက်တွင်ပါ၀င်ကုသိုလ်ယူမည်ဆိုပါက ဝိဇ္ဇာရိယ်ကျောင်းတိုက်ဆရာတော် ဖုန်း 09250902987 ၊ သာသနာ့ပါလကျောင်းတိုက် ဆရာတော် ဖုန်း 0949354304 သို့ဆက်သွယ်ကာ လှူဒါန်းလိုသည့်နေရာကို ပြောပြလှူဒါန်း နိုင်ကြောင်းလည်း သိရပါသည်။

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here