Friday, April 19, 2024

သီပေါမြို့က စားသောက်ဆိုင် ပိုင်ရှင်လင်မယား ပစ်သတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွင် ထမင်းဆိုင် ဖွင့်ထားသည့် မြို့ဆင်ခြေဖုံးနေလင်မယားနှစ်ဦး ယမန်နေ့ညသန်းခေါင်ခန့်က ပစ်သတ်ခံရသည်ဟု သိရှိရသည်။

သေနတ်ထိမှန်သေဆုံးသူများ၏အလောင်းအား နယ်စည်းမခြားပရဟိတအဖွဲ့မှ လာရောက်သယ်ဆောင်ပြီးဆေးရုံသို့ပို့ပေးစဉ် Photo Credit to Lashio News

၂၀၁၈ ဇွန်လ ၁၅ ည ၁၀ နာရီကျော်အချိန် မူစယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ ဝမ့်ဆွန်အွဲ့ (ကြံခင်းရွာ) ညောင်ပင် အနီး စားသောက်ဆိုင်ပိုင်ရှင်လင်မယားဖြစ်သည့် စိုင်းစံညွှန့် နှင့် နန်းရွှေကြည်တို့ လင်မယားနှစ်ဦးအား သေနတ်သမားနှစ်ယောက်က ထမင်းလာစားပြီး ပစ်သတ်သွားသည်ဟု အနီးအနား နေ ပုဂ္ဂိုလ်များ ပြောပြချက်အရသိရသည်။

ကျားခေါင်းပါတီ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက – ‘ဟုတ်တယ်။ စိုင်းစံညွှန့်မှာ သေနတ်ဒဏ်ရာ ထိမှန်တဲ့ အချက် က များတယ်။ သူ့မိန်းမ နန်းရွှေကြည်ကတော့ ရင်ညွှန့်မှာတချက်၊ လက်မှာတချက် နှစ်ချက် ထိမှန်ပြီး နှစ်ယောက်လုံးပွဲချင်းပြီး ဆုံးသွားတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းစံညွှန့်သည် ဆွန်အွဲ့ရွာ ရွာသူကြီးဟောင်းတဦးဖြစ်ကြောင်း ယခင်က တစုံတရာ မကျေနပ်မှုများကြောင့် လာရောက် ပစ်သတ် သွားခြင်း ဖြစ်နိုင်ကြောင်း ၊ ရဲများက လာရောက်စစ်ဆေးသွားသော်လည်း မည်သည့်အဖွဲ့ ၏လက်ချက်ဖြစ်သည် ဆိုသည့် အချက် ပြောဆိုသွားခြင်းမရှိကြောင်း သီပေါမြို့ခံ စိုင်းပီးလုံက ပြောသည်။

“ကျနော်တို့ မြို့က တနေ့တခြား ပိုပိုကြောက်လာနေတယ်။ ဘယ်အဖွဲ့မှာ လူ့အသက်အိုးအိမ်ကို တန်ဖိုးထား လုံခြုံမှု ပေးတဲ့စိတ်ထားမရှိဘူး။ အားလုံးကိုကြောက်နေရတယ်။ ဘယ်သူက ဘယ်သူမှန်းမသိရလို့။  အပြောအဆို ကအစ ဆင်ခြင်နေရတယ်” – ဟု ပြောသည်။

သီပေါမြို့ နယ်စည်းမခြား ပရဟိတအသင်းမှကိုမျိုးက- သေဆုံးသူရဲ့အလောင်းတွေကို ကျနော်တို့အဖွဲ့က သွားရောက်သယ်ဆောင်ပြီးသီပေါဆေးရုံ ရင်ခွဲရုံမှာထားပေးပါတယ်။ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ရဲတွေဘက်ကလည်းမပြောနိုင်သေးသလိုကျနော်တို့လည်းမသိရသေးပါဘူး။- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ အမည်မသိလက်နက်ကိုင်အဖွဲ့များမှာ သီပေါမြို့တွင်း၊ မြို့ပြင်နေဒေသခံများ ၊ ကားဆရာများ၊ နွားကုန် ကူးသူများအား မကြာခဏ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article