တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာကို စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ သွားကြည့်လာတာ။ဗုံးကတော့ ၂ လုံးကြဲသွားတာ ၁ လုံးကတော့ နေအိမ်ပေါ်တည့်တည့်ကျတာ။ တစ်ယောက် ထိသွားတယ်။ အမျိုးသားပါ အသက်က ဘယ်လောက်လဲဆိုတာတော့ သေချာမသိရဘူး။”သီပေါမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကော်မရှင်တပ်မှ သုံးလအတွင်း (၁၁) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့တွင်လည်း သီပေါမြို့ပေါ် အနောက်ရပ်ကွက် နှင့် တောင်ရပ်ကွက် တို့ကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ နှစ်ဦး ထိခိုက်မှုများရှိခဲ့သည်။












Leave a Comments