Tuesday, April 30, 2024

မိုင်းပန်မြို့က ပအိုဝ်းရွာသားများ ဘာကြောင့် နေရပ်မှစွန့်ခွါ

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်ပန်မြို့မှာ စစ်ရေးတင်းမာမှုတွေကြောင့် မိုက်ပုတ်ရွာ၊ ပန်ပိရွာက ဒေသခံရွာသားတွေ နေရပ်ကနေစွန့်ခွါထွက်ပြေးခဲ့ကြပါတယ်။ ရွာသားတချို့က သံလွင်အရှေ့ခြမ်း ၀ နယ်ဘက်ကိုသွားရောက် ခိုလှုံ နေကြရပြီး ရွာသားတချို့ကလည်း မိုင်းပန်မြို့အနောက်ဘက် လင်းခေးမြို့နယ်ဘက်ကို တိမ်းရှောင် ထွက်ပြေး ခဲ့ကြပါတယ်။ကြီးမားတဲ့တိုက်ပွဲတွေမရှိခဲ့ပေမယ့် ကလေးတွေပညာရေးကိုအဓိကထားပြီး အခြေအနေ တင်းမာ မှုကြားကနေ ရုန်းထွက်လာခဲ့တာဖြစ်ကြောင်း လင်းခေးမြို့ ကိုရောက်ရှိခိုလှုံနေတဲ့ နောင်ချိုရွာသားတဦးက အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ JMC – L ၊ ဒေသခံလူထု၊ ရပ်မိရပ်ဖများ၊ အဖွဲ့အစည်းအချို့တို့နဲ့ တွေ့ဆုံစဉ် အခြေအနေမှန်ကို အခုလိုပြောကြားခဲ့ပါတယ်။

Photo by Langkhur Youth/ လင်းခေးသို့စစ်ဘေးရှောင်ခိုလှုံရောက်ရှိလာသော မိုင်းပန်မြို့နယ်မှ ရွာသားများ

“ဘယ်လက်နက်ကိုင်အဖွဲ့တွေ ရှိတယ် ဘယ်သူတွေဖြတ်သန်းသွားလာတယ်ဆိုတာ အစိုးရစစ်တပ်ကိုသွားပြီး အကြောင်းကြားရတယ်လေ။ တကယ်လို့ သွားပြီးအကြောင်းကြားတာမရှိရင် ရွာသားတွေကို အပစ်တင်ကြမယ်။ အကြိမ်ကြိမ်သွား သတင်းပေးမယ်ဆိုရင်လည်း ကိုယ့်ကိုယုံမှာမဟုတ်ဘူးလေ။ ဒေသန္တာရကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းတွေလဲ အကုန်ပြန်ခိုင်းပြီဆိုတော့ ရွာသားတွေအနေနဲ့ဘယ်နေရဲတော့မလဲ ၊ ရွာကနေ ထွက်ပြေးတာ အကောင်းဆုံးလမ်းပဲဆိုပြီးထွက်ပြေးလာရတာဖြစ်တယ်။

အရင်တုန်းကတော့ ရွာမှာအခြေအနေတင်းမာလာရင် မြို့နဲ့နီးတဲ့ဘက်ကိုထွက်ပြေးကြတယ်။ အခြေအနေပြန် ကောင်းလာရင် ရွာပြန်ကြတယ်။ ရွာသားတွေက သွားလိုက်လာလိုက်နဲ့ ဘယ်လိုမှ အလုပ်မလုပ်နိုင် တော့ ဘူးလေ။
အစိုးရစစ်တပ်လား တားဖို့မပြောနဲ့လက်နက်ကြီးတွေတောင်ထပ်ပစ်သေးတယ်။ ကျောင်းဆရာမတွေ ကျန်းမာ ရေးဝန်ထမ်းတွေကိုလည်း မြို့ထဲခေါ်သွားပြီဆိုတော့ ရွာသားတွေလည်း ရွာမှာဘယ်နေရဲတော့မလဲ။ တချို့က ထိုင်းထွက်ပြေးတယ်။ တချို့က ၀ ဘက်ကို ထွက်သွားတယ်။

တိုက်ပွဲက ကြီးကြီးမားမားဖြစ်ပြီး ပြီးဆုံးသွားတာမဟုတ်ဘူး။ နဲနဲစီနဲ့ အကြာကြီးဖြစ်နေတာ။ မြေမြုပ်မှိုင်းတွေ မြုပ်ထားတာ ရွာသားတွေသွားနင်းမိတာ။ နောက်ပိုင်း ညမထွက်ရအမိန့်တွေအစိုးရတပ် ထုတ်ထားတယ်။ မထွက်ရတဲ့အပြင် မီးခွက်ပေးမထွန်းဘူး။ ဓါတ်မီးပေးမထိုးဘူး မီးတွေ့ရင်ချက်ချင်းပစ်မယ်လို့ပြောထားတယ်။ ရွာသားတယောက် ညအချိန် အပေါ့အလေးသွားတာ ဓါတ်မီးထိုးမိလို့ သူ့အိမ်ဘက်ကို အစိုးရတပ် လက် နက်ကြီးနဲ့ပစ်ထည့်လိုက်တာ တော်သေးတယ် နွားတွေ ခြံထဲမှာရှိမနေလို့။ နွားတွေရှိရင် အကုန်သေကုန် လောက်ပြီ။ နွားခြံထဲကိုသွားကျမိတာကိုး ကျည်က။

Photo by Langkhur Youth/ လင်းခေးသို့စစ်ဘေးရှောင်ခိုလှုံရောက်ရှိလာသော မိုင်းပန်မြို့နယ်မှ ရွာသားများ

နောက်ပြီး ပအိုဝ်းတပ်တွေအရင်က မလာဘူး။ ခုနောက်ပိုင်း တပ်စခန်းတခုပြီးတခု တိုးလာတယ်။ အရင်က တနေရာတည်းရှိတာကို အခုနောက်ပိုင်း လွယ်ကောင်းမူးတို့၊ တတ်လျက်ရွာတို့ဘက်မှာ စခန်းချလာတယ်။ အဲ့လမ်းက သျှမ်းစစ်သားတွေအရင်ကတည်းကသွားလာတဲ့လမ်းဖြစ်လို့ သူတို့နဲ့ထိပ်တိုက်တွေ့မိပြီး ပစ်ခတ်ကြတာ တရက်လုံးအသံမစဲတာလည်းရှိခဲ့ဖူးတယ်။ ရွာသားတွေအပြင်ထွက်ရင်လည်း မိုင်းနင်းမိမှာ ကြောက်လို့။

အဲ့ကြောင့် ကလေးတွေပညာရေးကအရေးကြီးဆုံးလို့မြင်မိလို့ ဆရာတော်နဲ့အတူတူ ကလေးတွေကိုခေါ်ပြီး ထွက်လာတာ။ ပရဟိတကျောင်းတွေလည်းအများကြီးရှိတာ။ ကျန်တဲ့ရွာသား တချို့ ကလည်းလိုက်ချင် တယ်မ လိုက်တာတွေရှိတယ်။တချို့လည်း ရွာမှာဘဲနေမယ်ဆိုလို့ ချန်ထားခဲ့ရ တယ်။ တချို့လည်း နောက် ကနေလိုက် လာတယ်။ အစိုးရတပ်တောင်မှ သူ့လူတွေကိုခေါ်ထုတ်နေပြီဘဲဥစ္စာ။ ဒီကိုလာရာလမ်း တလျှောက် မှာဘယ်သူ့ ကို မှတော့ မတွေ့ဘူး။ အတားလည်းမခံရဘူး။

ကုန်းမိုက်ပုတ်ဘက်မှာ မိုက်နင်ရွာဘက်မှာသွားသောင်တင်နေတာလည်းအများကြီး။ တောထဲကျန်ခဲ့တာလည်း များတယ်။ အခြေအနေက ဘယ်လိုဆက်ဖြစ်မလဲတော့မသိဘူး။ ကလေးတွေတော့ မတ်ကျိုင်းမွန်း ပရဟိတကျောင်းကို ပို့ထားပြီအခု ။

အရင်က ပအိုဝ်းစစ်သားမတွေ့မိဘူး။ ပန်ပိ ဘက်ကိုတက်လာပြီလို့ကြားဖူးတာ ကြာလှပြီ။ ခုမှ တဖြည်းဖြည်း တက်လာတာတွေ့ဖူးတာ။ စစတက်လာတုန်းက ၁၁ ယောက်ဘဲရှိတယ်။ ဘုန်းကြီးကျောင်းမီးလောင်တုန်း ကလည်း ဘယ်သူမီးရှို့လဲမသိ။ ညအိပ်ချိန်လေ။ မျက်စိနဲ့တပ်အပ်မမြင်တော့ ပြောဖို့ခက်တာပေါ့။ အခုလည်း ရွာသားတွေထွက်ပြေးလာတာက ပအို၀်းစစ်တပ်က မနှင်ထုတ်ရဘူး။ သျှမ်းတပ်ကလည်း မနှင်ထုတ်ရဘူး။ ရွာသားတွေ နေရခက်လို့ ကိုယ့်ဟာကိုထွက်လာတာ။ နောင်ချိုရွာဆိုတာ သျှမ်းရော ပအိုဝ်းရော ရောနှော နေထိုင်တာလေ။ တကယ်တော့ရွာသားတွေအချင်းချင်းက မောင်နှမတွေလိုဘဲနေလာကြတာ။ ဘာမှခွဲခြား မှုမရှိဘူး။ သျှမ်းတပ်ကဘဲလာလာ ပအိုဝ်းတပ်ကဘဲလာလာ အစိုးရတပ်ကဘဲလာလာ ရွာသားတွေအနေနဲ့ ကူညီရတာပါဘဲ။ ရွာသားတွေရှိလို့ လက်နက်ကိုင်တပ်က နေနိုင်တာပါ။ ပြီးခဲ့တဲ့ ၄-၅ ရက်ကလည်း မိုက်ပုတ်ရွာ စေတီနားမှာ တိုက်ပွဲဖြစ်သေးတယ်လေ။ ထိခိုက်ဒဏ်ရာရတော့ မရှိဘူး။ ”

လင်းခေးမြို့နယ် ပန်ဝေါင်ဘုန်းကြီးကျောင်းတိုက်နဲ့ ၀ါဆိုဘုန်းကြီးကျောင်းတိုက်မှာ မိုင်းပန်ကလာတဲ့ စစ်ဘေး ရှောင်စုစုပေါင်း ၈၀ လောက်ခိုလှုံနေခဲ့ကြပါတယ်။ တောင်ရွာရပ်ကွက် ၀ါဆိုဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီး ၂ ပါး ကိုရင် ၂၂ ပါး ကျောင်းသား ၈ ဦးနဲ့ အရပ်သား ၈ ဦးစုစုပေါင်း ၄၀ နဲ့ ပန်ဝေါင်ကျောင်း တိုက်မှာ အရပ်သား စုစုပေါင်း ၃၅ ယောက်ရှိပါတယ်။ လက်ရှိမှာတော့ ကျောင်းသားလေးတွေကို မတ်ကျိုင်းမွန်း ပရဟိတ ကျောင်း ကိုပို့ဆောင်ထားကြပြီး ကျန်နေတဲ့သက်ကြီးပိုင်းနဲ့ ရွာသားတွေကိုတော့ လင်းခေးဒေသခံရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနဲ့ လင်းခေးခရိုင် ခရိုင်မှူး ပြည်နယ်မှူးအဖွဲ့တွေကနေ ကြည့်ရှုအားပေးပြီး ကူညီထောက်ပ့ံ မှုတွေ ပေးနေတယ်လို့သိရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article