သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ်တွင် စိုက်ပျိုးစရိတ်များမြင့်တက်လာပြီး သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကြံ နှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း စုံစမ်းသိရသည်။
ယခုနှစ် အတွင်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အပြင် စိုက်ပျိုးရေး သုံးပစ္စည်းများ၏ စျေးနှုန်းများလည်း မြင့်တက်လာကာ သီးနှံစျေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအကြား ကြံနှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာနေကြောင်း စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကုန်ပစ္စည်းတွေက ဈေးတက်တယ်။ ကိုယ်စိုက်ပျိုးတဲ့ ခြံထဲက ထွက်တဲ့ သီးနှံတွေကတော့ ဈေးမရဘူး။ အရင်းတောင် ပြန်မရသလောက် ဖြစ်နေတော့ နှမ်းစိုက်တဲ့သူလည်း သိပ်မရှိတော့ဘူး။ ။တောင်ခြေက စိုက်ခင်းတွေဆို စိုက်ပျိုးတဲ့လူမရှိသလောက်ပဲ။ စိုက်ရင်လည်း အရမ်းမစိုက်ရဲကြဘူး။”ဟု ၎င်းကပြောသည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း မြေဩဇာ၊ ပိုးသတ်ဆေး၊ ဒီဇယ်ဆီနှင့် လုပ်အားခများ မြင့်တက်လာသော်လည်း သီးနှံဈေးနှုန်းများမှာ ယခင်နှစ်များထက် ကျဆင်းနေသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများမှ အမြတ်အစွန်း မရရှိကြောင်း ၎င်း ကဆက်ပြောသည်။
“ပိုးသတ်ဆေးဆို အရင်က ကျပ် ၆ သောင်းလောက်ပဲရှိတာ။ အခုဆို ၁ သိန်း ၁ သောင်းကျော် ပေးဝယ်ရတယ်။ ဒီဇယ်တစ်ဂါလန်ကိုလည်း ၃ သောင်းလောက်ရှိတယ်။ လုပ်အားခတွေကလည်း တစ်ရက်လုပ် ၂ သောင်းပေးရတယ်။ ကုန်ကျစရိတ်တွေများပြီး သီးနှံစျေးမရှိတော့ ရှုံးထားတာနဲ့ဆိုဆက်လုပ်ဖို့ကခက်တယ်” ဟု ၎င်းက ဆိုပြန်သည်။
ယခုနှစ် နှမ်းမဲဈေးမှာ တစ်ပိဿလျှင်ကျပ် ၁,၆၀၀ခန့်သာ ရှိပြီး၊ နှမ်းနီ မှာလည်း တစ်ပိဿလျှင် ကျပ် ၁,၀၀၀ ခန့်သာရှိကာ ဝယ်ယူသူလည်း မရှိကြောင်း သိရသည်။
ခြံထွက်နှမ်းများအပေါ် ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် တောင်သူများသည် နှမ်းများကို ဆီကြိတ်ပြီးမှ ရောင်းချနေရကြောင်း သိရသည်။
နှမ်းကို ဆီကြိတ်ခ နှင့် အခြားကုန်ကျစရိတ်များ ထပ်မံကုန်ကျရသည့်အတွက် အမြတ်အစွန်းမရှိ သလောက် ဆုံးရှုံးမှုများသာ ကြုံနေရကြောင်း ၎င်းကဆိုသည်။
အလားတူ ကြံစိုက်ပျိုးသူများသည် ယခင်က ဈေးကောင်းရရှိခဲ့ပး ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ဈေးနှုန်း သိသိသာသာ ကျဆင်းလာခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း လင်းခေးဒေသခံ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကြံကို ချက်ပြီးရောင်းမယ် ဆိုရင်လည်း ခုတ်ခ၊ ကြိတ်ခတွေနဲ့ ကုန်ကျစရိတ်များတယ်။ ကြံရည်ချက်ပြီးတဲ့အထိဆို ဘာမှ မကျန်ဘူး။ ဒါကြောင့် ကြံဈေးမရှိတော့ ပြီးခဲ့တဲ့နှစ် နဲ့ ဒီနှစ်က လုပ်လည်းရှုံး မလုပ်လည်း ရှုံးဖြစ်နေတာ။ တစ်နှစ်လုံး လုပ်ထားတာတွေ အလကား ရှုံးသလိုဖြစ်နေတယ်” တောင်သူတစ်ဉီးက ပြောသည်။
ထို့ကြောင့် အချို့တောင်သူများမှာ ကြံများကို မခုတ်ယူတော့ဘဲ စိုက်ခင်းအတွင်း ပစ်ထားရသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။
စိုက်ပျိုးရေးမှ အမြတ်အစွန်း မရရှိတော့သည့်အတွက် တောင်သူများသညါ စုဆောင်းထားသည့် ငွေများကို ထုတ်သုံးနေရပြီး လာမည့်နှစ်တွင် ကြံနှင့် နှမ်း စိုက်ပျိုးမှုများ ပိုမိုလျော့နည်းလာနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုထားသည်။
လင်းခေးမြို့နယ်တွင် နှမ်း၊ ကြံ၊ ပြောင်း စသည့်သီးနှံများကို အဓိကစိုက်ပျိုးပြီး ပင်လုံ၊ နမ့်စန် ၊မန္တလေးတိုင်းဒေသကြီးအပြင် တရုတ်နိုင်ငံ ၊ ထိုင်းနိုင်ငံသို့ကို အတွင်းတင်ပို့ရောင်းချကြသည်။
စစ်အာဏာသိမ်း (၅) ကျော် ကာလအတွင်း စီးပွားရေး အခြေအနေများ ကျဆင်းလာခဲ့ပြီး ပြည်တွင်း ခြံထွက်သီးနှံများ ဈေးနှုန်းလျော့ကျလာသည့်အပြင် နိုင်ငံအတွင်း ဝင်ရောက်လာသည့် စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းများ၏ ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေကြောင်း သိရသည်။













Leave a Comments