သီပေါမြို့က စစ်ဘေးရှောင်များ လယ်ယာထွက်သီးနှံမယူပြီးသေးလို့စိတ်ပူနေကြ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ တိုက်ပွဲတွေထပ်မံဖြစ်ပွါးတဲ့အတွက် ဒေသခံလူထု ၁၀၀၀ နီးပါးဟာ နေရပ်ကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ များပြားတဲ့ သီပေါမြို့နယ် နားမခေါ် အုပ်စုမှာ နို၀င်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာဘဲ သီပေါမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ဒေသခံ လူထုတွေဟာ ၃-၄ ကြိမ်ထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။

Photo by Sipaw Youth/ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ

ဒီဇင်ဘာလ ၁၀ ရက်နေ့က သီပေါမြို့တောင်ဘက် မှာရှိတဲ့နားမခေါ်အုပ်စုအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့လို့ ဟိုနားရွာ၊ ခိုင်းလုံရွာ၊ တွန်ကျိုင်းရွာ၊ တာလုံရွာနဲ့ ကုန်းဆော့ကျေးရွာအုပ်စု ခိုင်းဟျိုးရွာကဒေသခံရွာသား တွေ ဟာ ဟိုနားရွာက ဘုန်းကြီးကျောင်းနဲ့ မန်ကျောင်းရွာ၊ ပိန်းဆာ ရွာ၊ ကောင်းဝိန်း ရွာ၊ မန်နားရွာ၊ မန်ခုမ်ရွာ၊ မန်မိုင်ရွာတွေကရွာသားတွေကတော့ မန်စံရေကျရွာက ဘုန်းကြီးကျောင်း ၂ နေရာမှာ စစ်ဘေးရှောင်ခိုလှုံ နေကြတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒေသထဲမှာလည်းစိုးရိမ်နေရ တဲ့အခြေအနေမှာရှိနေသေး တာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအထူးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီမှုပေးနေတဲ့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးကပြောပါတယ်။

၃ ရက်ရှိပြီ ။ ပစ်ခတ်သံတွေကြားတော့ ဟိုနားရွာဘုန်းကြီးကျောင်းမှာသွားစုကြတာ။ ကျနော်တို့ကို အကူ အညီလှမ်းခေါ်တော့ ကျနော်တို့က သူတို့ကို နားမခေါ်ဘုန်းကြီးကျောင်းကိုပို့ပေးလိုက်တယ်။ လူဦးရေက စာရင်းအရ ၄၃၈ ဦး ရှိတယ်။သူတို့လောလောဆယ် စားနပ်ရိက္ခာလိုနေတယ်။ ကျနော်တို့ကတော့ နဲနဲပါးပါး သွားပြီးကူညီထောက်ပ့ံပြီးသားပါ။ တခြားအဖွဲ့တွေလာပြီးကူညီထောက်ပ့ံတာတော့မတွေ့သေးပါဘူး။ မန်စံရေကျဘက်မှာတော့ ၅၀၀ နီးပါးရှိပါတယ်။

တိုက်ပွဲက ဟိုနားရွာအရှေ့ဘက် ၁ မိုင်အကွာလောက်မှာဖြစ်ကြတာဖြစ်ပြီး ဟိုနားဘက်ကနေ ထော်လာဂျီ ၃ စီးနဲ့တက်လာတဲ့ အစိုးရတပ်မတော်ရဲ့စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ကချုံခိုတိုက်ခိုက်ခဲ့တာဖြစ် ကြောင်း သိရပါတယ်။

အစိုးရဘက်က RCSS/SSA ကချောင်းမြောင်းပစ်ခတ်တယ်လို့ပြောပေမယ့် RCSS/SSA Taifreedom Website မှာတော့ SSPP/SSA နဲ့တပ်မတော်တို့တိုက်ပွဲဖြစ်တာလို့ ဖော်ပြထားပြီး၊ SSPP/SSA ဘက်လည်း မိမိတို့တပ်ဖွဲ့ မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့ က ၄င်းပိုင်တဲ့ SSPP Info ပေ့မှာ ရေးသားဖော်ပြထား ပါတယ်။
နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တွေကိုကူညီမှုပေးနေတဲ့ သီပေါဒေသခံ စိုင်းမောင် ကတော့ အခုလိုပြောပါတယ်။

အစိုးရစစ်တပ်ဘက်က ၂ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာတော့မသိဘူး။ အစိုးရစစ်ကြောင်းကမိုင်းရယ်ဘက်ကလာတာ။ ဟိုနားရွာ တာ့လုံရွာနဲ့ ၀မ့်ဟုမ့်ရွာတွေမှာ စစ်ကြောင်းချပြီး လှုပ်ရှား နေတာ အခုအထိဘဲ ။

Photo by SHAN/ မန်စံရေကျဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် တချို့

ဆန်စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် စစ်ဘေးရှောင်တွေဟာ လယ်ယာခြံတွေကိုပစ်ထားပြီး စစ်ဘေးရှောင်နေကြ ရတာ အခြေအနေမအေးချမ်းသေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဟိုနားဘုန်းကြီးကျောင်းရောက် တွန်ကျိုင်းရွာသူ နိုင်းလုံ က ပြောပါတယ်။

ထွက်ပြေးရတာပေါ့ ။ မထွက်ပြေးရင် ထိပြီပေါ့။ ဖိနပ်တောင်မရလိုက်ဘူး။ ကလေးချီပြီးတော့ထွက်ပြေးတာ။ အဝတ်အစားတောင်မရလိုက်ဘူး။ စပါးတွေတော့ပျက်ကုန်လောက်ပြီ ။ ရွာမှာဘယ်သူမှလည်း မနေရဲကြတော့ ဘူးလေ။ မနေ့ကလည်းရောက်လာ ဒီနေ့လည်းထပ်ရောက်လာ ကြတုန်းဘဲ ။ တိုက်ပွဲတွေအမြန်ရပ်ပေးပါ လို့တောင်းဆိုချင်ပါတယ်။

မန်စံရေကျဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ မန်မိုင်ပိန်းမုံရွာသူ အသက် ၆၀ ကျော်အရွယ် နိုင်းမွန်း ကတော့ သူ့လယ်က စပါးတွေရိတ်သိမ်းခဲ့ပြီးပြီဆိုပေမယ့် လယ်ထဲမှာဘဲပုံထားရကြောင်း၊ သူ့ခြံကပြောင်းတွေ တဖူးမှမချိုးရသေးတဲ့အတွက် စိတ်ပူနေကြောင်း ပြောပါတယ်။

တိုက်ပွဲထပ် မဖြစ်စေချင်တော့ဘူး။ တနှစ်ပတ်လုံး စစ်ဘေးရှောင်နေရတယ်။ ဒီနှစ်ထဲမှာ ၄ ကြိမ်ရှိပြီ။ လဆုတ် ၁၀ ရက်ကတည်းကထွက်လာတာ။ ၁၀ ရက်ကျော်ပြီလေ။ ဒီတခါစစ်ဘေးရှောင်ရတာအကြာဆုံးဘဲ။ တိုက်ပွဲက ရွာနဲ့ ၅ မိုင်လောက်အကွာမှာဖြစ်တာလေ။ အခုအဖွားတို့ခိုနေတဲ့ဒီဘုန်းကြီးကျောင်းနဲ့ အဘွားတို့ရွာနဲ့က ၄ မိုင်လောက်ဝေးပါတယ်။ ရွာဘက်မှာ စစ်သားတွေရှိနေသေးတယ် အခြေအနေမကောင်းသေးဘူးဆိုလို့မပြန်ရဲကြ သေးတာ။ စပါးတွေကတော့ ရိတ်ပြီးကြပါပြီ။ ပုံထားရတယ်။ မရိုက်ရသေးဘူး။ တော်တော်များများက ပြောင်းမချိုးရသေးဘူး။အဖွားခြံကပြောင်း တဖူးမှမချိုးရသေးဘူး။ ဒီက လူတွေတချို့ရွာပြန်ပြီး လယ်ယာခြံတွေထဲအလုပ်သွားလုပ်။ အခြေအနေကောင်းရင်ခြံထဲမှာအိပ်တာ။ အဲ့ကြောင့်အခုကျောင်းမှာလူသိပ်မရှိဘူး။

Photo by SHAN/ မန်စံရေကျဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် တချို့

မန်စံရေကျရွာမှာ စစ်ဘေးရှောင်ကလေးတွေရဲ့ပညာရေး အတွက်တဖက်တလမ်းကနေကူညီထောက်ပ့ံမှုပေး နေတဲ့ မန်စံရေကျက အုပ်ချုပ်ရေးမှူးဦးခင်မောင်ရင်က အခုလို ပြောပါတယ်။

ဒီနှစ်ထဲမှာသူတို့ ၃ ကြိမ်ရှိပြီ။ အေးအေးချမ်းချမ်းဖြစ်ရင်တော့ကောင်းတာပေါ့ ။ သူတို့ စပါးပြန်ရိတ်ကြမယ်။ တရက်ဆိုလည်းတရက် ပြေလည်သွားမှာပေါ့။ ပြောင်းဆိုရင်လည်းပြောင်းတရက်ချိုးရင်လည်း တရက်ပြေလည်သွားမှာပေါ့။ ဘာဘဲဖြစ်ဖြစ် ငြိမ်းချမ်းရင်တော့ကောင်းတာပေါ့။

သီပေါမြို့နယ် နားမခေါ်အုပ်စုမှာ အစိုးရတပ်မတော်အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နဲ့ တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့လှုပ်ရှားသွားလာနေပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here