သီပေါမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေမှုကြောင့် စစ်ဘေးရှောင် ၈၀၀ ကျော်ရှိလာ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေမှုကြောင့် နားမခေါ်အုပ်စုမှ ဒေခံလူထု မန်စန်းဘုန်းကြီးကျောင်းသို့ ထပ်မံစစ်ဘေးတိမ်းရှောင်ရောက်ရှိလာရာ လူဦးရေ ၈၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

ခိုင်းဟျိုးဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားများ

ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် သီပေါမြို့နယ် နားမခေါ်အုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေမှုကြောင့် မန့်နားရွာသား နှင့် ကုန်းဆော့ရွာသားများ ၁၀၀ ကျော်ထပ်မံစစ်ဘေးရှောင်နေရသဖြင့် သီပေါမြို့နယ်အတွင်း လောလောဆယ် စစ်ဘေးရှောင် ၈၀၀ ကျော်ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ် စစ်ဘေးရှောင်များကူညီရေးအဖွဲ့မှ ဒေသခံလူငယ်တဦးက – “တိုက်ပွဲတွေကမငြိမ်သေးဘူး။ ၃ ရက်နေ့က မန်နားရွာက အိမ်ထောင်စု ၁၁ ခု ၊ လူဦးရေ ၃၆ ယောက် မန်စန်းဘုန်းကြီးကျောင်းကိုရောက်တယ်။ ၄ ရက်နေ့ကျတော့ ကုန်းဆော့ရွာ ခိုင်းဟျိုးရွာက ၅၄ ယောက် ထပ်ပြီးထွက်ပြေးလာတယ်။ အခု နောင်ကော် ကြီး ကျေးရွာဘုန်းကြီးကျောင်းကိုရောက်နေတယ်။ ဆိုတော့လောလောဆယ် ခိုင်းဟျိုးဘုန်းကြီးကျောင်းမှာ ၃၈၀ ၊ မန်စန်းဘုန်းကြီးကျောင်းမှာ ၄၅၁ ယောက်နဲ့ နောင်ကော်ကြီးဘုန်းကြီးကျောင်းမှာ ၅၄ ယောက် စုစုပေါင်း ၈၇၀ ယောက်ရှိနေတယ်စစ်ဘေးရှောင်တွေက။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ တပ် ၂ ခုသည် နို၀င်ဘာလ လယ်ပိုင်းကတည်းကစပြီး သီပေါမြို့နယ် နားမခေါ်အုပ်စုဘက် တွင်စစ်ရေးတင်းမာလျှက်ရှိရာ တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်ပွါးနေပါသည်။ အဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များအပြင် အစိုးရတပ်မတော်နှင့် RCSS/SSA တို့လှုပ်ရှားနေပါသည်။

နားမခေါ်ရွာ သည် သီပေါမြို့နယ်၏ တောင်ဘက်တွင်တည်ရှိပြီး အဆိုပါရွာတဝိုက်တွင် အစိုးရတပ်၊ RCSS နဲ့ SSPP တို့လှုပ်ရှားသွားလာပါသည်။ တိုက်ပွဲသည်နားမခေါ်ရွာနှင့် ၁၀ မိုင်ခန့်ဝေးသည့်နေရာတွင်ဖြစ်ပွါးခဲ့ပြီး ခိုင်းဟျိုးအုပ်စုအရှေ့ ဘက်တောတွင်းတွင်ဖြစ်ပွါးခဲ့ပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here