မိုင်းကိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ ယနေ့တိုင်နေရပ်မပြန်နိုင်သေး

0

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ခိုလှုံနေရသော စစ်ဘေးရှောင် ၃၀၀ ကျော်မှာ ယနေ့တိုင်နေရပ်မပြန်နိုင်သေးသည့်အပြင် အစားအသောက် များနှင့် အိပ်ရာထိုင်ခင်းများ လိုအပ်နေသေးကြောင်းသိရသည်။

Photo by Dear Ranger/ မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဓမ္မဝိဟာရဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ခိုလှုံနေရသော စစ်ဘေးရှောင်များ

ပြီးခဲ့သည့် နို၀င်ဘာလ ၃၀ ရက်နေ့က မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စု ၀မ့်ပဲန်ဝဲန် (ပျဉ်ဝင့်ရွာ)အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့အကြားတိုက်ဖြစ်ပွါးခဲ့သဖြင့် ဒေသခံရွာသားများ တုံလောအုပ်စု မက်ချီနုတ်ကျေးရွာ ဓမ္မဝိဟာရဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင် ရောက်ရှိခိုလှုံ နေကြခြင်းဖြစ်ကြောင်း ကူညီမှုများသွားရောက်ပေးဆောင် သည့်နမ့်လန် ဒေသခံလူငယ် စိုင်းအောင် က ပြောသည်။

“ ရွာသားတွေက ဟိုခိုင်းရွာကနေ ဒီ မချီနုတ်ရွာဘုန်းကြီးကျောင်းကိုရောက်နေကြတယ်။ စစ်ဘေးရှောင် ၃၀၀ လောက် ရှိပါတယ်။ သူတို့အခုလိုအပ်နေတာကတော့ စားသောက်ဖွယ်ရာတွေနဲ့ အိပ်ရာခင်း စောင်ထည် တွေဖြစ်တယ်။ ကျနော်တို့ တနင်္ဂနွေနေ့တုန်းကသွားကြည့်လာခဲ့ပါတယ်။ သူတို့လိုအပ်ချက်တွေတချို့ကို သွားရောက်ဖြည့်ဆည်းကူညီပေးခဲ့ပါတယ် ” – ဟု သီပေါနယ်စည်းမခြားအဖွဲ့၊ သီပေါ One More အဖွဲ့၊ နမ့်လန်လူမှုကူညီရေးအဖွဲ့တို့နှင့်အတူ စစ်ဘေးရှောင်များအား သွားရောက်ကူညီ ပေးခဲ့သည့် နမ့်လန် လူငယ်များ Dear Ranger လူမှုကူညီရေးအသင်းသားအဖွဲ့ဝင် စိုင်းအောင် ကသျှမ်းသံတော်ဆင့်အားပြော သည်။

စစ်ဘေးရှောင်များမှာ တနင်္လာနေ့မနက်ပိုင်းအထိ နေရပ်မပြန်ရဲကြသေးကြောင်း၊ တိုက်ပွဲများငြိမ်နေ သော် လည်း ရွာပတ်ဝန်းကျင်တွင် လက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားသွားလာနေသေးသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွါး မည်ကိုစိုးရိမ်ကြောင်း ရွာသားများပြောသည်ဟုသိရသည်။

“RCSS စစ်သားတွေရွာထဲရောက်နေချိန် SSPP ကဝင်လာလို့ အချင်းချင်း ပစ်ခတ်တာ။ ကျမတို့ထွက်ပြေးတာ အဝတ်အစားမပြောနဲ့ ဖိနပ်တောင်မရလိုက်ဘူး။ ဒီမက်ချီနုက်ရွာကဘုန်းကြီးကျောင်းမှာဘဲ တည်းရနေရအဆင် ပြေလို့ ဒီအထိရောက်အောင်လာကြတာ။ တချို့လည်း ဒီအထိမရောက်နိုင်တဲ့သူတွေ တောထဲမှာအိပ်ကြတယ်။ လက်နက်ကြီးကြောက်လို့ထွက်ပြေးတာပါ။ တကယ်တော့ ပစ္စည်းတွေကိုတော့ စိတ်မပူရပါဘူး။ ဒီ ၂ ဖွဲ့က ပစ္စည်းတွေကိုမယူဘူး။ မဖျက်ဆီးဘူး ” – ဟု စစ်ဘေးရှောင် အမျိုးသမီးကြီး တဦးက ပြောသည်။

ပျဉ်ဝင့်ရွာတွင် တအာင်းနှင့်သျှမ်းလူမျိုးများရောနှောနေထိုင်ကြပြီး လူဦးရေ ၃၀၀ ခန့်ရှိကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်များ မှာ စားနပ်ရိက္ခာများအထူးလိုအပ်လျှက်ရှိကြောင်းသိရသည်။

မက်ချီနုတ်ရွာဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော ပျဉ်ဝင့်ရွာမှ စစ်ဘေးရှောင်များမှာ အိမ်ထောင်စု ၂၇ စုမှ အမျိုးသား ၁၃၃ ယောက် အမျိုးသမီး ၁၈၇ ယောက်စုစုပေါင်း ၃၂၀ ကျော်ရှိကြောင်းသိရသည်။

ပျဉ်ဝင့်ရွာတွင် ယခုနှစ် ဇွန်လက RCSS/SSA နှင့် SSPP/SSA တို့အကြား ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ထိုစဉ်က ကိုယ်ရင်ငယ် တပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here