တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေးနေ့ ကျင်းပခွင့်မရ  

0

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ် ပန်းခြံ တွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည် နိုင်ငံတကာ လူ့အခွင့်အရေး အခမ်းအနားကို မြို့နယ် စည်ပင်သာယာရေး ဌာန က ခွင့်မပြုကြောင်း သိရသည်။

Photo from google / တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ

တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေး နေ့ ကျင်းပရန် နိုဝင်ဘာ ၁၆ ရက်နေမှ စတင်ကာ သျှမ်းပြည် နယ် အစိုးရဝန်ကြီးချုပ် ထံတင်ပြပြီး၊ မိတ္တူကို ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီးနှင့် မြို့နယ် စည်ပင်သာယာရေး ဌာနသို့ ပေးပို့ခဲ့ကြောင်း Human Right Educator Network တောင်ကြီး တာဝန်ခံ ဒေါ်နှင်းနန္ဒာအောင် က ပြောသည်။

“ ကျမ ဝန်ကြီးရုံးကို သွားမေးတော့ စည်ပင်က မခွင့်ပြုရင် သူတို့ ဘာမှ မတတ်နိုင်ဘူးလို့ပြောပါတယ်” ဟု ဒေါ်နှင်းနန္ဒာအောင် က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့အတွက် တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တွင် နေ့လည် ၁ နာရီမှ ညနေ ၈နာရီ ခွဲ ထိ ကျင်းပ ခွင့်မပြုကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာန ကနိုဝင်ဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်စာတွင် ဗိုလ်ချုပ်ပန်းခြံသည် အများပြည်သူများ အပန်းဖြေ အနားယူသည့်နေရာဖြစ်သည့်အတွက် ပန်းခြံအတွင်း ဖြေဖျော်ခွင့် တောင်းခံလာခြင်းကို ခွင့်မပြုကြောင်း ရေးသားထားသည်။

“ ကျမတို့ လူအများနေရာမှာ သွားပြီး စည်းရုံးရေး ဆင်းနေတာ မဟုတ်ဘူး။ ပြည်သူတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ မေးခွန်းမေးမြန်းတာတွေ။ လူ့အခွင့်အရေး အသိပညာပေးတွေ လုပ်မှာပါ” ဟု ဒေါ်နှင်းနန္ဒာအောင် က ဆိုသည်။

ဗိုလ်ချုပ်ပန်းခြံတွင် ယမန်နှစ်က လူ့အခွင့်အရေးနေ့ကျင်းပဖို့ ခွင့်ပြုမိန့်ရခဲ့ပြီး၊ ယခုနှစ်မှ ခွင့်ပြုမိန့်မရရှိသည့်အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည် ဟု တောင်ကြီးမြို့ လူ့အခွင့်အရေး ဆောင်ရွက်သူများက ပြောကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး၊ ယခုကဲ့သို့ လူ့အခွင့်အရေး နေ့တွင် ပွဲကျင်းပမည်ကို တားမြစ်ခြင်းသည် လူ့အခွင့်အရေး ကို ချိုးဖောက်နေခြင်းဖြစ်သည် ဟု တောင်ကြီးမြို့ ဒေသခံ စိုင်းလှမောင် က ဆိုသည်။

“ စစ်ထောက်ခံပွဲ တော့ ကျင်းပခွင့်ပေးပြီး ဒီ လူ့အခွင့်အရေး နေ့ အတွက် ကျတော့မပေးတာ လူ့အခွင့်အရေးချိုးဖောက်နေတာပဲ” ဟု စိုင်းလှမောင် ကပြောသည်။

လူ့အခွင့်အရေး နေ့ ကို တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပခွင့်ရအောင် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပြီး၊ နောက်ဆုံး ကျင်းပခွင့်မရပါက ကားဖြင့် Mobile စနစ်ဖြင့် ကျင်းပသွားမည် ဟု ဒေါ်နှင်းနန္ဒာအောင် က ထပ်လောင်းပြောသည်။

တောင်ကြီးမြို့တွင် ကျင်းပမည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် လူငယ်များ၊ ပြည်သူများ လူ့အခွင့်အရေး သမိုင်း အကြောင်း၊ လူ့အခွင့်အရေးပါ အချက်အလက်များ သိရှိစေရန် အသိပညာပေးခြငး်၊ မေးခွန်းများမေးခြင်း၊ ပညာပေး သီချင်းဆိုခြင်းနှင့် လူ့အခွင့်အရေး ပညာပေး မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းများ ပြသသွားမည် သိရသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here