Wednesday, April 24, 2024

နှစ် ၃၀ ခရီးနဲ့ အနာဂတ် SNLD ကျားခေါင်းပါတီ မျှော်မှန်းချက်

Must read

၂၀၁၈ အောက်တိုဘာလ ၂၆ ရက်နေ့ဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်တာကြောင့် အဲဒီအတွက်အထိမ်း အမှတ်အဖြစ် တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုအသင်းရုံးမှာ ကြီးကျယ်ခန်းနားစွာ ကျင်းပမှာဖြစ်ပါတယ်။ နှစ် ၃၀ ဖြတ်သန်းလာတဲ့ SNLD ရဲ့ဘဝ နဲ့ ဒီအထိမ်းအမှတ်အခမ်းအနားပွဲတော်အကြောင်းကို သိရှိရအောင် SNLD ကျားခေါင်းပါတီရဲ့ အတွင်းရေးမှူး ၁ လည်းဖြစ် ၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မေးမြန်း ထား ပါတယ်။


မေး။ ။ အောက်တိုဘာလ ၂၅ နဲ့ ၂၆ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်မယ်လို့ကြားသိရပါတယ်။ အဲဒီအတွက်ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ။ ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် သျှမ်းပြည်နယ်တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးမှာ အောက်တိုဘာလ ၂၅ ရက်နေ့ တရက်နဲ့ ၂၆ ရက်နေ့ တရက် ၊ ၂ ရက်ကျင်းပသွားမယ်။ အဲ့မှာ ထူးခြားတာတခုကတော့ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက်တစောင်ထွက်ပါမယ်။ နောက် ကျနော်တို့ပါတီကို ၀န်းရံခဲ့တဲ့သူတွေအခက်အခဲ အကျပ်အတည်းတွေရှိတဲ့ချိန်မှာ ပါတီအတွက် စွန့်လွတ်စွန့်စားခဲ့တဲ့ပုဂ္ဂိုလ်တွေကို သူရဲကောင်းအဖြစ်သတ်မှတ်ပြီးတော့မှ ဆုတံဆိပ်တွေချီးမြင့်တဲ့ အစီအစဉ်တခုလည်းရှိပါမယ်။ အဲဒီမှာ ပြည်တွင်းပြည်ပက နိုင်ငံရေးဆိုင်ရာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့မှ နိုင်ငံရေးကဏ္ဍဆိုင်ရာ အချက်အလက်တွေကို လာရောက်ဟောပြောဆွေးနွေးပေးမယ့် ပညာရှင် ၆ ဦးကို လည်းဖိတ်ထားပါတယ်။ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စ ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာကိစ္စ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ကိစ္စ၊ အဲတာတွေကိုလာရောက်ဆွေးနွေးမယ့် အစီအစဉ်တခု လည်းရှိပါမယ်။ အဲ့အပြင်ကို ညပိုင်းကျရင်တော့ ၂၅ ရော ၂၆ ရက်ညတွေမှာ သျှမ်းပြည်မှာနာမည်ကြီးတဲ့ Power 3 Band ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို လည်းဘဲရှိသွားမှာပါခင်ဗျ။ အဲ့အပြင်ကိုနေ့လည်ပိုင်းမှာ သျှမ်းရိုးရာလက်တန်း တေးသီချင်းသီဆိုပေးမယ့် ပုဂ္ဂိုလ်များကိုလည်းဖိတ်ကြားထားတယ်။ နောက်တခါ ပွဲလာပရိသတ်တွေကို သျှမ်းရိုးရာနဲ့ပတ်သက်ပြီးတော့မှ ၀ယ်ချင်တယ်ခြမ်းချင်တယ်ဆိုရင် ကျနော်တို့ သျှမ်းရိုးရာစျေးပွဲတော်တခုကိုလည်းဖန်တီးထားပါတယ်ခင်ဗျ။ အဲတာကတော့ ကျနော်တို့ရဲ့ယေဘုယျအစီအစဉ်တွေဘဲဖြစ်တယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ပါတီရဲ့ နှစ် ၃၀ လုံးလုံးဖြတ်သန်းလာခဲ့တဲ့ အခက်အခဲအကျပ်အတည်းက ဘာတွေဖြစ်ပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ပါတီက ၁၉၈၈ မှာစပြီးတည်ထောင်ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ပုဂ္ဂိုလ်တွေကို အာဏာလွှဲမပေးဘူး။ လွှတ်တော်ခေါ်မပေးတဲ့ခါကျတော့ ကျနော်တို့က အမျိုးသားညီလာခံကိုမဖြစ်မနေသွားတက်ရတယ်။ အဲ့အမျိုးသားညီလာခံက ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရေးအတွက် ကျနော်တို့တစိတ်တပိုင်းပါ၀င်ရတာပေါ့နော်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဟာ ကျနော်တို့ပါတီရဲ့ မူဝါဒ လမ်းစဉ်နဲ့မကိုက်ညီတဲ့အတွက် ကျနော်တို့အဲတာကိုဆန့်ကျင်ကန့်ကွက်တယ်။ ၂၀၀၄ ခုနှစ်မှာထပ်ခေါ်တဲ့အမျိုးသားညီလာခံကို ကျနော်တို့မတက်တဲ့ခါကျတော့ ၂၀၀၅ မှာကျနော်တို့ခေါင်းဆောင်တွေကို ပုး်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးခေါ်ဆောင်တယ်။ အဲ့ဒီချိန်မှာ ခေါင်းဆောင်တော်တော်များများက ထောင်ထဲရောက်သွားပြီးတော့မှ နှစ်ရှည်ထောင်ဒဏ်တွေ ကျနေတဲ့ချိန်မှာ အပြင်မှာရှိနေတဲ့ ပါတီဝင်တွေ နောက်လွှတ်တော်ကိုယ်စားလှယ်တွေကိုဖိအားအမျိုးမျိုးပေးတယ်။ ပါတီကနေနှုတ်ထွက်ခိုင်းတယ်။ ပါတီဆိုင်းဘုတ်တွေကိုဖြုတ်ချခိုင်းတယ်။ အဲလိုလုပ်တဲ့ချိန်မှာ ပါတီဆိုင်းဘုတ်တွေအဖြုတ်မခံဘူး။ ပါတီကနေ လုံးဝနှုတ်မထွက်ဘူးဆိုတဲ့ ကြံ့ကြံ့ခံတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီနေ့ဒီအချိန်အထိလည်းဘဲ ကျနော်တို့ပါတီကိုပြန်ပြီးတော့မှဝန်းရံတယ်။ အဲ့ပုဂ္ဂိုလ်တွေက ကျနော်တို့ SNLD ရဲ့သမိုင်းမှာတော့ စံပြပုဂ္ဂိုလ်ပေါ့နော်။ အဲလိုအခက်အခဲအကျပ်အတည်းဆိုတာကတော့ သမိုင်းတင်လောက်တဲ့ အနေအထားတခုမို့လို့ ကြံ့ကြ့ံခံခဲ့တဲ့ပုဂ္ဂိုလ်တွေကို လည်းဘဲ ဂုဏ်ပြုတဲ့အစီအစဉ်မှာထည့်ထားရတာပါခင်ဗျ။ ဒါကတော့ကျနော်တို့ရဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေပါ။

မေး။ ။ ဒီအခက်အခဲတွေကြားထဲက နှစ်ပေါင်း ၃၀ လုံးလုံးလူထုအတွက်ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ။

ဖြေ။ ။ ပထမတချက်ကတော့ ၁၉၄၇ ပင်လုံစာချုပ်ကတိကဝတ်အတိုင်းကိုတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြဌာန်းခွင့််နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုမရရအောင်ကျနော်တို့ တိုက်ပွဲဝင်မယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အဲဒီတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုပိတ်ပင်တားဆီးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့၂၀၀၈ ကိုလက်မခံဘူး။ ပါတီခေါင်းဆောင်များဟာလည်း ထောင်ကျခံပြီးတော့မှ တိုက်ပွဲဝင်တယ်။ ဒါသမိုင်းတခုဘဲ။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျနော်တို့က တန်းတူညီမျှမှု အမျိုးသားတန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် လွတ်လပ်ခွင့် ဒီဥစ္စာ တွေကို ကျနော်တို့ဒီနေ့ထိ မရသေးဘူးဆိုတာတွေဟာ ကျနော်တို့ပါတီတည်ရှိခြင်းက သက်သေတခုဖြစ်နေပါတယ်။ ဒါတွေဟာ ကျနော်တို့သျှမ်းပြည်တိုင်းရင်းသားအကုန်လုံးအတွက်ကို ရဲရဲဝ့ံဝ့ံရပ်တည်ခဲ့တဲ့ သက်သေ သာဓကတခုလို့ကျနော်တို့မီးမောင်းထိုးပြလိုက်ခြင်းဘဲဖြစ်ပါတယ်။

မေး။ ။ နှစ်ပေါင်း ၃၀ လုံးလုံးမှာ အားသာချက်ကတော့ ဘယ်လိုပြောပြချင်ပါသလဲ။

ဖြေ။ ။ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ သျှမ်းအမျိုးသား သျှမ်းတိုင်းရင်းသားတခုတည်းကို ဦးတည်တဲ့ ပါတီခံယူချက်ကနေအခု သျှမ်းပြည်တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးခံယူချက်တခုကို ကျနော်တို့ ပြောင်းလဲလိုက်နိုင်တယ်။ SNLD ဆိုတာ သျှမ်းတိုင်းရင်းသားတခုတည်းအတွ့်ကိုရည်မှန်းပြီး လုပ်ဆောင်နေတာမဟုတ်ဘူး။ သျှမ်းပြည်တိုင်းရင်းသားအကုန်လုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရရှိဖို့အတွက် တန်းတူညီမျှခွင့်တွေရဖို့အတွက် တိုက်ပွဲဝင်နေတဲ့ ပါတီတခုဆိုတာကျနော်တို့ လက်သီးလက်မောင်း ကြွေးကြော်လို့ရတယ်။ တချိန်တည်းမှာဘဲ ပြည်ထောင်စုရဲ့ ကောင်းရာကောင်းကျိုးအတွက်ကိုကျနော်တို့စွန့်လွတ်အနစ်နာခံပြီးတိုက်ပွဲဝင်နေတဲ့ပါတီတခုဆိုတာ မြန်မာနိုင်ငံရေးလောကတခုလုံးအားလုံး သိရှိသွားတဲ့အနေအထားရောက်အောင် ကျနော်တို့ စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတော့ ပြောကြားလိုပါတယ်။

မေး။ ။ အခုသျှမ်းပြည်ထဲမှာ ပါတီပေါင်းစည်းရေးပြသနာတို့ ၊ လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုပြသနာကြောင့် လူထုထွက်ပြေးတိမ်းရှောင်နေရတဲ့အနေအထားအထိတောင်ရှိတယ်ဆိုတော့ ဒီအတွက်ဆရာတို့ဘယ်လိုကိုင်တွယ်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ အဲ့မှာ ၂ ပိုင်းကျနော်တို့ခွဲပြောရပါလိမ့်မယ်။ ပါတီရဲ့ရပ်တည်ချက် ။ပါတီတခုရဲ့နိုင်ငံရေးမျှော်မှန်းချက်ဆိုတာက သူ့ရဲ့အသက်သွေးကြောပါ။သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်က ပြည်သူလူထုကိုကိုယ်စားမပြုဘူးဆိုလို့ရှိရင်တခြားပါတီတခုရဲ့လုပ်ငန်းစဉ်နဲ့ တူကောင်းမှတူပါလိမ့်မယ်။ အဲ့ခါကျရင်ဘယ်ပါတီက လူထုတရပ်လုံးကိုကိုယ်စားပြုသလဲ။ ဘယ်ပါတီက နိုင်ငံရေးခံယူချက်ခိုင်မာသလဲဆိုတာ လူထုကိုယ်တိုင်က ရွေးချယ်ပေးရမှာပါ။ ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းပါ ။
နောက်တခုက အခုသျှမ်းပြည်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲပါ။ အချင်းချင်းတိုက်မှု ။ ဥပမာ သျှမ်းတပ်အချင်းချင်းတိုက်နေတယ်။ သျှမ်းနဲ့ ပလောင် တိုက်တယ် အစရှိသဖြင့်ပေါ့နော်။ အဲလိုမျိုးမလိုလားအပ်တဲ့ပြသနာ ဖြစ်နေတယ်ဆိုတာကလည်း ဘယ်ကစ သလဲဆိုတော့ နိုင်ငံရေးပြသနာကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရလို့ စစ်ရေးကိစ္စကို ၀င်ရောက်လုပ်ဆောင်လိုက်ရတဲ့ အနေအထားတခု ။ ဆိုတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့အနေအထားတခုရောက်သွားပြီဆိုရင် ဒီလက်နက်ကိုင်ပဋိပက္ခ ကလည်း အလိုလိုနေရင်း ကုန်ငြိမ်းသွားမယ်လို့ကျနော်တို့ယုံကြည်တယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေမှာ စေတနာမှန်မှန်နဲ့ နည်းလမ်းတကျ လူတိုင်းပါ၀င်ခွင့်ရဖို့အတွက်ကို ပွင့်လင်းမြင်သာစွာပါ၀င်နိုင်ခွင့် အတွက်ကို ဒီနေ့အထိဘဲကျနော်တို့ ကြိုးစားရုန်းကန် တိုက်ပွဲဝင်နေပါတယ်။ ကျနော်တို့ရဲ့နောက်ဆုံး အဓိကရည်မှန်းချက်ကတော့ ပြည်ထောင်စုကြီးတခုလုံးသာယာဖွံ့ဖြိုးဖို့အတွက် တန်းတူညီမျှခွင့်တွေရှိပြီး လောကပါလတရားတွေထွန်းကားတဲ့ပြည်ထောင်စုတခုဖြစ်ဖို့ဆိုတာ ကျနော်တို့ပါတီကတော့ ဆက်ပြီးကြိုးစားဦးမှာဘဲ။ ကြိုးပမ်းနေဆဲမှာ တစုံတရာသော ပြသနာတွေပေါ်ပေါက်တယ်ဆိုတာကတော့ ကျနော်တို့ရှောင်လွဲလို့မရတဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ အဲဒီဖြစ်စဉ်တွေကိုကျနော်တို့က အတတ်နိုင်ဆုံး အကောင်းဆုံးဖြေရှင်းပြီးတော့ အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကျနော်တို့ ကြိုးစားသွားမှာဖြစ်တယ်။

မေး။ ။ နှစ် ၃၀ ကနေ ရှေ့ဆက်လူထုအတွက် ဘာတွေဆက်လုပ်မယ်ဆိုတာ ပြောပြပေးလို့ရမလား။

ဖြေ။ ။ ကျနော်တို့မဖြစ်မနေ ဆက်လုပ်မှာက ပြည်တွင်းငြိမ်းချမ်းရေး၊နောက် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ပြီးတော့မှ တိုင်းရင်းသားတိုင်း အမျိုးသားတိုင်းနဲ့တန်းတူညီမျှတဲ့ အခွင့်အရေးတွေမရမချင်း နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့အနေအထားမျိုး ကျနော်တို့ဆက်ပြီးကြိုးပမ်းသွားမယ်။ ဒါဟာကျနော်တို့ အားလုံးအတွက်မဖြစ်မနေလုပ်ကိုလုပ်ရမယ့်အနေအထားမို့လို့ကျနော်တို့ ကြိုးပမ်းနေတာကိုလည်းဘဲ ပြည်သူလူထုတရပ်လုံးက ၀ုိင်းဝန်းထောက်ပ့ံပေးကြပါလို့ ပြောကြားလိုပါတယ်ခင်ဗျ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

Leave a Comments

- Advertisement -spot_img

Latest article