နမ္မတူမြို့နယ်အတွင်း ပစ်ခတ်မှုသံကြောင့် ဒေသခံများ ထိတ်လှန့်

0

အဘိဓမ္မာအခါတော်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ၂ ရက်အလို နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများကြားရသဖြင့်ဒေသခံများ ထိတ်လှန့်မှုဖြစ်ရကြောင်းသိရသည်။

နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် အောက်တိုဘာလ ၂၂ ည နှင့် ၂၃ ရက်နေ့မနက်ပိုင်းတို့တွင် ပစ်ခတ်တိုက်ခိုက်မှုအသံများကြားရခြင်းဖြစ်ပြီးအဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့လှုပ်ရှားသွားလာနေခြင်းဖြစ်ကြောင်းသိရသည်။

“ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လည်းတော့မသိဘူး ။ မနေ့က နေ့ခင်းပိုင်းကတော့ RCSS/SSA အများကြီး တက်လာ တယ်လို့ကြားမိတယ်။ ညရောက်တော့ ပစ်ခတ်သံကြားတာဘဲ။ ဒီမနက်လည်းတချက် ထပ်ကြားရတယ်။ ရွာနဲ့ သိပ်မနီးတော့ ရွာသားတွေစစ်ဘေးရှောင်တာတွေ ဘာတွေတော့မရှိပါဘူး။ ဒါပေမယ့် ၀ါကျွတ်ချိန်ဆိုတော့ လှူဖို့ဒါန်းဖို့ အချိန်ဆိုတော့တိုက်ပွဲကြီးမှာကိုဘဲ ကျနော်တို့ စိုးရိမ်နေကြတယ် – ဟု မိုင်းရင်ဒေသခံ စိုင်းအိုက်ဆိုင် ကပြောသည်။

ပစ်ခတ်မှုမှာ မိုင်းရင်အုပ်စုတောင်ဘက် တောင်ကြောတွင် ဖြစ်ပွါးခဲ့ပြီး လွယ်ကောင်းမူး၊ ၀မ့်တီး၊ ကောင်းကေး အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း၊ အဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် အာစီအက်စ်အက်စ်တို့ စစ်ရေးအရ ပြိုင်ဆိုင်လှုပ်ရှားနေကြောင်း မိုင်းရင်ဒေသခံများကပြောသည်။

သို့သော် နမ္မတူမြို့နယ် စစ်ရှောင်စခန်းများသို့ စစ်ဘေးရှောင်များတော့ ရောက်မလာသေးကြောင်း စစ်ဘေးရှောင်များကူညီရေးကော်မတီမှ စိုင်းဘဉာဏ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

တိုက်ပွဲကြောင့် ပြီးခဲ့သည့် သြဂုတ်လက တိုက်ပွဲကြောင့် ပန်လုံအုပ်စု ပန်ဆော့အုပ်စု မိုင်းမုအုပ်စုမှ ဒေသခံများ နမ္မတူမြို့နယ် မန်စံ အုပ်စု ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံခဲ့သေးသည်။ နမ္မတူဘက်တွင် တနှစ်ပတ်လုံး တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် ဒေသခံရွာသားများမှာ လယ်ယာလုပ်ငန်းခွင် ကောင်းမွန်စွာမဝင်နိုင်ဘဲရှိနေသဖြင့် လာမည့်နှစ် ရိက္ခာအတွက် စိုးရိမ်မှုများရှိနေကြောင်းသိရသည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here