Thursday, December 1, 2022

UWSA မှဖမ်းဆီးရမိသော မူးယစ်ကယ်ရီ သားအမိအား မိုင်းတုံရဲတပ်ဖွဲ့သို့ လွဲအပ်ပေး

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း UWSA မှဖမ်းဆီးရမိသော မူးယစ်ဆေးဝါးကယ်ရီ သားအမိအား မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့သို့လွဲပြောင်းပေးကြောင်းသိရသည်။

Photo by – Nyi Rang/ UWSA မှဖမ်းဆီးရမိသော မူးယစ်ကယ်ရီ သားအမိနှင့် မူးယစ်ဆေးအား မိုင်းတုံရဲတပ်ဖွဲ့သို့ လွဲအပ်ပေး

အောက်တိုဘာလ ၆ ရက်နေ့က မိုင်းတုံမြို့နယ်ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်စပ် ဟွေ့အော့ရွာအနီးတွင် မူးယစ်ဆေးများသယ်ဆောင်လာသည့် လီဆူးသားအမိ အား နယ်စပ်တလျှောက်တွင်လှုပ်ရှားနေသော  ဝ တပ်ဖွဲ့  အမှတ် ၁၇၁ က ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။

ပုံပါကျင်ဒေသခံ စိုင်းမောင် က- မနက်ပိုင်းမှာဖမ်းဆီးရမိပြီးညနေပိုင်းမှာကျတော့ အစိုးရတပ်ဆီကို ၀ ဘက်က လွဲပေးလိုက်တာ။ဟိုသားအမိက သူ့သမီးက အသက် ၁၆-၁၇ လောက်ဘဲရှိဦးမှာ။ သူတို့ဆိုင်ကယ်တူးပေါက်ထဲကနေသယ်လာတာ။ ယာဘနဲ့မူးယစ်ဆေးတွေ။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းတုံမြို့နယ် ရဲများထံ ၀ တပ်ဖွဲ့မှ အပ်နှံပေးသော ဖမ်းမိပစ္စည်းများမှာ – ယာဘ အပြားပေါင်း ၁၀၀၀၊ ဘိန်းဖြူ ၂ ပုလင်း၊ ဆိုင်ကယ် ၁ စီးနှင့်လက်ကိုင်ဖုန်း ၄ လုံးတို့ဖြစ်ကြောင်းသိရသည်။

နယ်စပ်တွင် မူးယစ်ဆေးဝါးသယ်ဆောင် မှောင်ခိုရောင်းဝယ်သူများ အထူးများပြားလျှက်ရှိပြီး ဖမ်းမိမူးယစ်ဆေးဝါးများမှာ ရံဖန်ရံခါ ရဲလက်သို့ပြန်လည်အပ်နှံကြောင်း၊ အများစုမှာမူ ၀ တပ်ဖွဲ့မှ တရားစီရင်ကြောင်း မိုင်းတုံဒေသခံက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article