Monday, October 14, 2024

ကျောက်မဲမြို့ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားကြောင်းသိရသည်။

Photo Kyaut Mae Youth/ ရွှေကျင်ကျောင်းတိုက်ခေါ် ကျောင်းယွက် ကျောင်းထိုင်ဆရာတော် ဆရာတော်ဦးကလျာဏ ၀ံသ

အောက်တိုဘာလ ၅ ရက် ယနေ့ညနေ ၆ နာရီခွဲအချိန် စာသင်သားကိုရင်ငယ်လေးများ ဘုရာဝတ်ပြုရှိခိုးရန်ပြင်ဆင်နေချိန် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ကျောင်းသို့ ၀င်ရောက်လာပြီး ဘုရားခန်းဝင်မည့် ဆရာတော်အား ပစ်ခတ်သဖြင့် ကျည် ၇ ချက်ထိမှန်ကာဆရာတော်ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်အား ကျောက်မဲမြို့ဆေးရုံသို့ပို့ဆောင်ခဲ့သည့် တပည့်ဒကာတဦးက – “သေနတ်သမားကို မသိရပါဘူးခင်ဗျ။ သူတို့ပစ်ခတ်ပြီးထွက်သွားတော့ ရွာသားတွေ လိုက်သေးတယ်သူတို့နောက်ကို။ သေနတ်သမားက ၂ ယောက်။ ဆိုင်ကယ်နဲ့လာတာ။ ဆောက်လုပ်ရေးကုန်းဘက်ကတက်လာတာလို့ပြောတယ်။ အားလုံးက ဘုရားရှိခိုးနေချိန်ဆိုတော့ သူတို့လာတာကိုသတိမထားမိကြဘူး။ မမြင်လိုက်ကြဘူးလေ။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပစ်သတ်ခံရသော ရွှေကျင်ကျောင်းတိုက်ခေါ် ကျောင်းယွက် ကျောင်းထိုင်ဆရာတော်မှာ ဆရာတော်ဦးကလျာဏ ၀ံသ ဟုနာမ တော်ရပြီး ဒေသခံများကမူ ကျောင်းယွက်ဆရာတော်ဟု ခေါ်ဆိုကြောင်း၊ သက်တော် ၄၉ ကျော် ၀ါတော်မှာ ၂၀ ကျော်ရှိကြောင်း၊ အဆိုပါကျောင်းတိုက်တွင် စာသင်သားကိုရင်ငယ် ၂၀၀ ကျော်ရှိကြောင်းသိရသည်။

လက်ရှိတွင် သေနတ်သမားအားမဖမ်းမိသေးကြောင်းနှင့်မည်သူ၊ မည်သည့်အဖွဲ့မှန်းလည်းမသိရသေးကြောင်း ဆိုပါသည်။

Photo by Kyaut Mae Youth/ ကျောင်းယွက်ကျောင်းတိုက်ဆရာတော် ဦးကလျာဏ ၀ံသ၏ ရုပ်ကလပ်

“ကျနော်တို့ဆရာတော်က စာအရမ်းတော်တယ်။ ရပ်ရွာသားတွေလည်း ဆရာတော်ကို အရမ်းအားကိုးအားထားပြုတယ်။ ယုံကြည်လေးစားရတယ်။ စာသင်သား ကိုရင်ငယ်တွေအတွက် လည်း အရမ်းကိုကြိုးစား တယ်။ ဘယ်သူနဲ့မှ ဘယ်ဒကာနဲ့မှ ရန်ငြိုးရန်စ မရှိခဲ့ဖူးပါဘူး။ အခုဆိုရင်ဆရာတော်ကဦးဆောင်ပြီးတော့ ၄ ထပ်ကျောင်းဆောင်ကြီးကို တည်ဆောက်နေတာ မပြီးသေးဘူး။ ကျနော်တို့ဆရာတော်ကို အရမ်းနှမျောမိပါတယ်။ လူဆိုးတွေပစ်လိုက်တဲ့ ကျည်ဆံက ဆရာတော်ရဲ့ ရင်ဘတ်တွေ ခြေတွေလက်တွေမှာဝင်သွားတာ။ ပြောမယ်ဆိုရင် ကျနော်တို့ကျောင်းက ရဲစခန်းနဲ့လည်းမဝေးဘူး။ ”- ဟု ကျောက်မဲမြို့ ရပ်ကွက် ရ နေ ဆရာတော်၏ ရုပ်ကလပ် ပြန်လည်သယ်ယူလာရေးအတွက် ဆေးရုံသို့ရောက်ရှိနေသည့် တပည့်ဒကာတဦးကလည်း ပြောသည်။

ရွှေကျင်ကျောင်းတိုက်ခေါ် ကျောင်းယွက် ကျောင်းသည် ကျောက်မဲမြို့ ရပ်ကွက် ၇ ၊ ရထားဘူတာအနီးတွင် တည်ရှိပြီး ရဲစခန်းနှင့်လည်း မဝေးကြောင်းသိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က အဆိုပါ ကျောင်းယွက် ဘုန်းကြီးကျောင်းတွင် သျှမ်းပြည်အနာဂတ်နိုင်ငံရေး၊ လက်ရှိကြုံတွေ့နေရသော သျှမ်းတပ် ၂ ခု ပေါင်းစည်းရေးတွင်ကြုံတွေ့နေရသော ပြသနာများနှင့်ပတ်သက်ပြီး ကျောက်မဲဒေသခံ ဆရာတော်သံဃာတော်နှင့်တပည့်ဒကာများ လူမှုအခြေပြုအဖွဲ့အစည်းများ စုစုပေါင်း ၂၀၀ ကျော်တွေ့ဆုံကာ အချက် ၄ ချက်ပါသည့်ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article