စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် ကရင်နီ(ကယားပြည်) လွိုင်ကော်မြို့တွင် သူခိုးများ သောင်းကျန်းနေပြီး၊ နေရပ်ပြန် စစ်ရှောင်များသည် သူခိုး၏ရန်ကို ကြောက်နေရကြောင်း သတင်းရရှိသည်။
စစ်ကော်မရှင်တပ်သည် လွိုင်ကော်မြို့ကို ၂၀၂၄ခုနစ် ဇွန်လတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဂ ၂၀၂၅ခုနစ်တွင် အခြားဒေသသို့ ထိန်းချုပ်သွားသည့် ဒေသခံများကို နေရပ်ပြန်နေထိုင်ရန်နှင့် ပြန်လည်မနေထိုင်လျှင် မြေသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များလည်း မြေမြှုပ်မိုင်း၊ စစ်လက်နက်ကျန်ပစ္စည်းများကို စိုးရိမ်သည့်ကြားပြန်သွားသော်လည်း လက်ရှိတွင် သူခိုး၏ ရန်ကိုပါကြုံတွေ့နေရသည်။
” သူခိုးက တွေ့သမျှခိုးနေတာ၊ သံချောင်းတွေကစ ဖြုတ်ခိုးတဲ့အဆင့်ပဲ။ အုပ်စုလိုက်ခိုးတာဆိုတော့ မြင်လည်း မပြောရဲကြဘူး။ ပေါ်တင်ခိုးနေတာ။” ဟု လွိုင်ကော်သို့ ပြန်သွားနေသည့် အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိသူခိုးများကို စစ်တပ်ဘက်မှလည်း အရေးယူခြင်းမရှိသကဲ့သို့ မြို့တွင်းလုံခြုံရေးကိုလည်း တာဝန်ခြင်းမရှိကြောင်း လည်း ၎င်းအမျိုးသမီးကပြောသည်။
” သူခိုးကို ဖမ်းချင်ရင် လွယ်ပါတယ်။ သူတို့က မြို့ထဲက ဆိုင်တွေပဲပြန်သွင်းကြတာလေ။ သူခိုးပစ္စည်းလက်ခံသူ၊ သူခိုးနဲ့ စစ်တပ်တွေက ပေါင်းထားတဲ့သဘောပဲ” ဟု လွိုင်ကော်မြို့နေ အမျိုးသားတဉီးကလည်း ဆိုပြန်သည်။
ထို့အပြင် နေရပ်ပြန်လာသူများသည် သွားလာမှု နယ်မြေများကန့်သတ်ထားမှုကြောင့် လုပ်ကိုင်စားသောက်ရန် အခက်ခဲရှိနေကြပြီး ဝန်ထမ်းများသာ နေထိုင်ရ အဆင်ပြေမှုရှိသည်ဟု မြို့ခံများထံမှ သိရသည်။
“ပြန်သာပြန်လာတာ ဘာလုပ်စားရမလဲ မသိဘူး၊ ဈေးရောင်းမယ်ဆိုလည်း ရောင်းတဲ့သူက များပြီး ဝယ်တဲ့သူက နည်းတော့ အဆင်မပြေဘူး၊ စိုက်ပျိုးရေးလုပ်မယ်ဆိုလည်း နယ်မြေတွေက ကန့်သတ်ထားတော့ မလုပ်ရဘူး မြေမြှုပ်မိုင်းလည်းကြောက်တော့ မလုပ်စားရဲဘူး။ အိမ်ဆိုလည်း လက်နက်ကြီးထိလို့ ပြင်ထားတာ သိန်း (၅၀)လောက်ကုန်တာ၊ အိမ်ထဲက ပစ္စည်းတွေတော့ ဘာမကျန်ဘူး။”ဟု နေရပ်ပြန် စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ပစ္စည်းများလည်း စစ်မီးနှင့်အတူ ပျက်စီးသည့်အပြင် သူခိုးဒဏ်ကြောင့်လည်း ထပ်မံဆုံးရှုံးနေရသည်။
လွိုင်ကော်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့ “၁၁.၁၁” စစ်ဆင်ရေး ဆင်နွှဲခဲ့ကြပြီး ကရင်နီတော်လှန်ရေး တပ်များက လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီတပ် ထိန်းချုပ်လာသည့် ၂၀၂၄ခုနစ် ဇွန်လနောက်ပိုင်း မြို့ပေါ်နှင့် ရပ်ကွက်များတွင် စစ်ဆေးရေးများချထားပြီး လုံခြုံရေးတင်းကျပ်ထားသော်လည်း သူခိုးဒဏ်က ကြောက်နေသေးကြောင်း နေရပ်ပြန်များကဆိုကြသည်။













Leave a Comments