ကျနော်ရဲ့ နာမည်က “သစ်ပင်” ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။
လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ အများကြီး ရှိပါတယ်။
နွေရာသီလို ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကျနော်ရဲ့ အမြစ်တွေဟာ ခြောက်သွေ့နေတဲ့ မြေကြီးထဲမှာ ရေတစ်ပေါက်ကို အသည်းအသန် ရှာဖွေရင်း ရုန်းကန်နေရပါတယ်။
ကျနော် အရမ်းရေငတ်တဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကျနော့်ရဲ့ အကိုင်းအခက်တွေကို ရက်ရက်စက်စက် ခုတ်ပစ်လိုက်တဲ့အခါ ကျနော် အသံကုန်ဟစ်ပြီး ငိုကြွေးမိပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ဒါကို အသံလွန်လှိုင်းတွေ ထုတ်လွှတ်တာလို့ ခေါ်ကြပေမယ့် ကျနော့်အတွက်တော့ ဒါဟာ နာကျင်လွန်းလို့ အကူအညီတောင်းနေတဲ့ အော်ဟစ်သံပါ။
လူတွေရဲ့ နားနဲ့ မကြားနိုင်ပေမယ့် ကျနော့်ပတ်ဝန်းကျင်က လင်းနို့တွေ၊ ကြွက်တွေကတော့ ကျနော်ရဲ့ ငိုသံကို ကြားပြီး ကိုယ်ချင်းစာနေကြမှာပါ။
ကျနော်ဟာ ကမ္ဘာမြေကြီးရဲ့ “အဆုတ်” တစ်ခုလိုပါပဲ။ လူတွေ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်စီဂျင်ကို ကျနော်က နေ့တိုင်း အခမဲ့ ထုတ်ပေးနေပါတယ်။
လူတွေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေကို ကျနော်ရဲ့ အရွက်လေးတွေနဲ့ ဖမ်းယူစုပ်ယူပြီး လေထုကို သန့်စင်ပေးခဲ့ပါတယ်။
ကျနော်ဟာ လူသားတွေအတွက်တင် မဟုတ်ပါဘူး။ ကျနော်ရဲံ အကိုင်းအခက်တွေကြားမှာ အသိုက်ဆောက်ထားတဲ့ စာကလေးမိသားစု၊ ကျနော်ရဲ့ ကိုယ်ပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ရှဉ့်လေးတွေအတွက်လည်း ကျနော်ဟာ လုံခြုံတဲ့ အိမ်တစ်ခု ဖြစ်ပါတယ်။
နေပူလွန်းလို့ ကျနော်ရဲ့ အရိပ်အောက်ကို ခိုလှုံလာတဲ့ ခရီးသည်တွေကို အေးမြတဲ့လေပြေတွေနဲ့ ပွေ့ပိုက်ပေးရတာဟာ ကျနော့်အတွက် အပျော်ဆုံးအချိန်ပါပဲ။
ဒါပေမဲ့ အခုနောက်ပိုင်း သူငယ်ချင်း သစ်တောတွေ တစ်ပင်ပြီးတစ်ပင် လဲကျကုန်တာကို မြင်ရတာ ရင်နာဖို့ ကောင်းလှပါတယ်။
အရင်က ကျနော်ရဲံ ဘေးမှာ စိမ်းစိုနေတဲ့ သူငယ်ချင်းတွေ အများကြီး ရှိခဲ့ပေမယ့် အခုတော့ ကျနော်ဟာ ကွန်ကရစ်တောကြီးထဲမှာ တစ်ယောက်တည်း အထီးကျန်နေရပါပြီ။
မြန်မာပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်တည်းမှာတင် ရန်ကုန်မြို့ကြီးရဲ့ ငါးဆလောက်ရှိတဲ့ သစ်တောတွေ ပြုန်းတီးသွားပါပြီတဲ့။
သျှမ်းပြည်၊ ကချင်ပြည်နဲ့ တနင်္သာရီက ကျနော်ရဲ့ သူငယ်ချင်းတွေလည်း အခုဆိုရင် လူသားတို့ရဲ့ လောဘဇောကြောင့် အတုံးအရုံး အသတ်ခံနေကြရပါပြီ။
ကျနော်တို့ သစ်ပင်တွေ နည်းပါးလာတဲ့အခါ ကမ္ဘာကြီးက ပိုပူလာတယ်၊ မိုးတွေကလည်း ရွာချင်တဲ့အချိန်ရွာပြီး ရေကြီးတာတွေ ဖြစ်လာတယ်။
လူတွေက ပူလွန်းလို့ လေအေးပေးစက်တွေ၊ ပန်ကာတွေနဲ့ အံတုနေကြပေမယ့် တကယ်တော့ ကျနော်တို့ သစ်ပင်တွေကို စိုက်ပျိုးတာကမှ အမြဲတမ်း အေးမြစေမယ့် သဘာဝလေအေးပေးစက်ဆိုတာကို မေ့နေကြသလားလို့ ကျနော် တွေးမိပါတယ်။
လူသားတို့ခင်ဗျာ… ကျနော်တို့ သစ်ပင်တွေမရှိရင် လူသားတွေလည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကို ခုတ်လှဲမယ့်အစား ကျနော့်ရဲ့ မျိုးဆက်သစ် အပင်ပေါက်လေးတွေကို ရှင်သန်အောင် စိုက်ပျိုးပေးကြပါ။
အပင်လေးတွေကို ဓာတ်ပုံရိုက်ဖို့သက်သက် မစိုက်ပါနဲ့။ သူတို့လေးတွေ အပင်ကြီး ဖြစ်လာတဲ့အထိ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အထိ မေတ္တာနဲ့ ပြုစုပျိုးထောင်ပေးကြပါ။
ကျနော်တို့ရဲ့ ခြေရင်းမှာ ပလတ်စတစ် အမှိုက်တွေကို မစွန့်ပစ်ကြပါနဲ့။ မြို့ပြတွေကို တည်ဆောက်တဲ့အခါမှာလည်း ကျနော်တို့ ရှင်သန်ဖို့ နေရာလေးတွေကို ချန်လှပ်ပေးကြပါ။
ကျနော်တို့ သစ်ပင်တွေ စိမ်းလန်းစိုပြည်နေမှသာ သင်တို့ရဲ့ အနာဂတ်ဟာလည်း အေးမြသာယာမှာ ဖြစ်ပါတယ်။
ကျနော်ဟာ စကားမပြောတတ်ပေမယ့် သင်တို့ရဲ့ အသက်ကို ဆက်ပေးထားတဲ့ “အသက်ဆက်ကြိုး” လည်း ဖြစ်ပါတယ်။ ကျနော်ရဲ့ အသံမဲ့ အော်ဟစ်သံကို နားထောင်ပြီး ကမ္ဘာကြီးကို အတူတူ ကယ်တင်ကြပါစို့လို့ တောင်းဆိုလိုက်ချင်ပါတယ်ခင်ဗျာ။
ဇေယံရေးသားသည်။













Leave a Comments