သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ရေကြီးနေကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ ( သြဂုတ်လ ၂၇ ရက်) မှစပြီး မိုင်းရှူးမြို့ပေါ်ရှိ ရပ်ကွက် (၃) မြေနှိမ့်ပိုင်း နှင့် ပန်စွဲကျေးရွာတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပန်စွဲကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မိုးတွေက ဆက်တိုက်ရွာနေတာ။ နမ့်ငချောင်းထဲကို တောင်ကျရေတွေကြောင့် ရေတက်တာလည်း ပါတယ်။ အရင်နှစ်က ထက် ရေကပိုကြီးတယ်ပြောရတယ်။ ပန်စွဲရွာမှာဆို ချောင်းရေက ဘုန်းကြီးကျောင်း ထိရေတက်တယ်။ ရပ်ကွက် (၃) က နေအိမ်တွေလည်း ရေတွေဝင်နေတယ်။”ဟု ပန်စွဲကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုမိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် မြောင်းများပိတ်ကာ နေအိမ်အချို့တွင် ရေများဝင်နေကြောင်း ၎င်းက ပြောသည်။
မိုင်းရှူးမြို့ကို တိုက်ရီုက် ဖြတ်သန်းစီးဆင်နေသည့် ချောင်းသည် နမ့်ငချောင်းဖြစ်ပြီး မိုးတွင်းအခါ တောင်ကျချောင်းရေကြောင့် ရေတက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
လက်ရှိ မိုင်းရှူးမြို့ပေါ်ရှိ ရပ်ကွက် (၃) နှင့် ပန်းစွဲကျေးရွာ မြေနိမ့်ပိုင်းတွင် နေထိုင်သည့် ဒေသခံများသည် ချောင်းရေမြင့်တက်မှုကြောင့် အသိဆွေမျိုးများထံ ရွှေ့ပြောင်းနေထိုင် နေကြရကြောင်း သိရသည်။













Leave a Comments