သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်ကော်မရှင်က ရုရှားနည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဧက ၅ သောင်းကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း အမြန်ဆုံးပြီးစီးရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့နောက် (ဩဂုတ်လ ၂၂ ရက်)တွင် စစ်ကော်မရှင်၏ စက်မှုဒုဝန်ကြီး ဦးသွင်အောင်က စက်ရုံသို့ လာရောက် စစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် စက်ရုံပြန်လည်ပတ်ရန် ပြင်ဆင်မှုများနှင့်အတူ စက်ရုံမှထွက်ရှိသည့် အညစ်အကြေးများကို ပုံးအင်းဒေသအတွင်းသို့ စနစ်တကျမရှိဘဲ စွန့်ပစ်နေမှုကြောင့် ဒေသခံများမှာ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေး ထိခိုက်မှုများကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
“သူတို့ စက်ရုံပြန်လည်ပတ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ စက်ရုံကထွက်တဲ့ အညစ်အကြေးစွန့်ပစ်တဲ့ ချောင်းတစ်ခုရှိတယ်။ အရင်က အဲ့ဒီအညစ်အကြေးတွေက ပုံးအင်းထဲကို မဝင်တာမဟုတ်ဘူး၊ အခုသူတို့ ဘက်ဖိုးကားနဲ့ ပြန်တူးလိုက်တာက ပုံးအင်းထဲကို ကောင်းကောင်းစီးဝင်အောင် လုပ်နေသလို ဖြစ်နေတယ်” ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လက်ရှိတွင် ပုံးအင်းဒေသ၌ ရေကြီးမှုများ ကြုံတွေ့နေရချိန်တွင် စက်ရုံမှ စွန့်ပစ်ရေဆိုးများပါ ရောနှောစီးဝင်လာခြင်းကြောင့် နမ့်တဘက်ချောင်းမှာ မသန့်ရှင်းတော့ဘဲ ဒေသခံများ အရေပြားယားယံသည့် ရောဂါများ ဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။
“အခုနောက်ပိုင်း ရေတွေက မသန့်တော့ဘူး၊ ယားယံတာတွေ ဖြစ်နေကြတယ်။ စက်ရုံက အညစ်အကြေးတွေ တောက်လျှောက်စွန့်ပစ်နေမယ်ဆိုရင် လယ်ယာတွေလည်း မကောင်းတော့ဘူး၊ စပါးလည်း အထွက်မတိုးတော့ဘူး။ အဲ့ဒီရေဆိုးတွေကြောင့်လို့ ထင်တယ်” ဟု အဆိုပါအမျိုးသားတစ်ဦးက ဆက်ပြောသည်။
ထို့အပြင် စက်ရုံဝင်းအတွင်းရှိ မွေးမြူရေးဇုန်မှ ဘဲကောင်များ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါအသေကောင်များကို ချောင်းအတွင်းသို့ စွန့်ပစ်ခဲ့မှုကြောင့် ဒေသခံများနှင့် စက်ရုံတာဝန်ရှိသူများအကြား ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရသည်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ပင်းပက်စက်ရုံသည် ရေဆိုးများကို နမ့်တဘက်ချောင်းအတွင်း တိုက်ရိုက်ဖောက်ချနေပြီး အဆိုပါချောင်းကို မှီတင်းနေထိုင်သည့် ကျေးရွာပေါင်း ၁၀၀ ကျော် ထိခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ပင်းပက်စက်ရုံ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရုရှားနိုင်ငံပိုင် TPE ကုမ္ပဏီတို့ စတင်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ဘီလျံနှင့်ချီသော အရှုံးပေါ်မှုများကြောင့် NLD အစိုးရက ရပ်ဆိုင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ရုရှားနိုင်ငံ၏ အကူအညီဖြင့် ပြန်လည်စတင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
အဆိုပါစက်ရုံတွင် လာရောက်လုပ်ကိုင်နေသည့် ရုရှားအလုပ်သမားများသည် တောင်ကြီးမြို့ပေါ်သို့ တက်ကာ ဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူလေ့ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“စက်ရုံမှာ အလုပ်လုပ်နေတဲ့ ရုရှားလူမျိုးတွေ တောင်ကြီးမြို့ပေါ် ဆေးလာဝယ်တာ၊ အာလူးလာဝယ်တာမျိုးတွေ တွေ့တယ်။ သူတို့တွေ အင်္ဂလိပ်စကားလည်း မပြောကြဘူး” ဟု တောင်ကြီးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စီမံကိန်းတွင် အဓိကပါဝင်သည့် ရုရှားနိုင်ငံပိုင် VO Tyazhpromexport ကုမ္ပဏီသည် မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေသည့် Rostec ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ကြောင်း PYO က ထောက်ပြထားသည်။
အဆိုပါစက်ရုံ လည်ပတ်ရန်အတွက် ကျေးသီးမြို့နယ်မှ ကျောက်မီးသွေးကို တစ်ရက်လျှင် တန်ချိန် ၁,၅၀၀ နီးပါး ထုတ်ယူသုံးစွဲရန် စီစဉ်ထားကြောင်း Shan State Frontline Investment Monitor (SSFIM) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပင်းပက်စက်ရုံမှ ထွက်ရှိလာသော သံစိမ်းကုန်ကြမ်းများကို သယ်ယူရန်အတွက် စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကား-ပင်းပက် ရထားလမ်းမှတစ်ဆင့် မြင်းခြံရှိ သံမဏိစက်ရုံနှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
စစ်ကော်မရှင်သည် ရုရှားနည်းပညာရှင်များကို ယူရို (၁၀) သန်းကျော်ပေးကာ ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်လည်ပတ်ရန် တွန်းအားပေး လုပ်ဆောင်နေသော်လည်း ဒေသခံများအတွက်မူ စက်ရုံမှထွက်ရှိသည့် အဆိပ်သင့်ရေဆိုးများနှင့် သယံဇာတ ထုတ်ယူမှုဒဏ်ကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။













Leave a Comments