လူထုမြေယာနှင့် ဂေဟ စနစ်ဆုံးရှုံးမှုကြား ပင်းပက်သံမဏိစက်ရုံ အောင်မြင်မှုဟုဆို

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ထုတ်လုပ်သည့် အလုပ်ရုံသစ်ကို စီးပွားဖြစ်လည်ပတ်ရန် ဖွင့်လှစ်ခဲ့သော်လည်း အဆိုပါစီမံကိန်းကြောင့် ဒေသခံ တောင်သူများ၏ မြေယာသိမ်းဆည်းခံရမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို (မတ်လ ၈ ရက်) တွင် ကျင်းပခဲ့ပြီး သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရုရှားနိုင်ငံ TPE Co.,Ltd. မှ ပညာရှင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း မြန်မာစစ်တပ်ပိုင် (MRTV) ရုပ်သံလိုင်းတွင် ဖော်ပြသည်။

ယခုဖွင့်လှစ်သည့် အလုပ်ရုံသည် သံရည်ကျိုလုပ်ငန်းအတွက် အဓိကကျသော အောက်ဆီဂျင်ကို လုံလောက်စွာ ထုတ်ပေးမည် ဟုဆိုသည်။

အဆိုပါအခမ်းအနားတွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က “စက်ရုံကြီးသည် ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည် ဖြစ်ကြောင်း၊ ပင်းပက်စီမံကိန်းကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် ရုရှား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သို့သော် ပင်းပက်စက်ရုံဝန်းကျင်ရှိ ဒေသခံများမှာ အဆိုပါစီမံကိန်းကြောင့် ၎င်းတို့ ဘိုးဘွားပိုင် စိုက်ပျိုးမြေများ သိမ်းဆည်းခံရပြီး လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသည့်အပြင် သံရိုင်းတူးဖော်မှုနှင့် စက်ရုံလည်ပတ်မှုများကြောင့် ဒေသတွင်း ရေအရင်းအမြစ်နှင့် ဂေဟစနစ် ပျက်စီးလာမှုကို စိုးရိမ်လျက်ရှိသည်။

ပင်းပက်စက်ရုံတည်ရှိရာ ပတ်ဝန်းကျင်ရှိ ပုံးအင်းဒေသခံများသည် စက်ရုံမှ စွန့်ပစ်သော ရေဆိုးများကြောင့် ကျန်းမာရေးနှင့် စိုက်ပျိုးရေး ထိခိုက်မှုများကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

နမ့်တဘက်ချောင်းအတွင်းသို့ စွန့်ပစ်ရေများ တိုက်ရိုက်ဖောက်ချနေသဖြင့် ကျေးရွာအချို့တွင် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေပြီး ဒေသခံများမှာ လနှင့်ချီကြာမြင့်သော အရေပြားယားယံမှု ရောဂါများကို ခံစားနေရကြောင်း ပုံးအင်းဒေသ ကျန်းမာရေးဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယားတာကတော့ ယားလိုက်ပျောက်လိုက် လချီကြာတယ်။ ဆေးသောက်လည်း မပျောက်ဘူးဆိုပြီး ဆေးလာထိုးကြတာ။ ရေကြောင့်လို့ ထင်တာပဲ။ ရေဆိုးတွေနဲ့ထိပြီး အလုပ်လုပ်တဲ့လူတွေဆိုတော့” ဟု ကျန်းမာရေးဆရာမတစ်ဦးက ပြောသည်။

တောင်ကြီး၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသခံများသည် နမ့်တဘက်ချောင်းကို မှီတင်းပြီး စပါးစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

နမ့်တဘက်ချောင်းသည် ကယား (ကရင်နီ) ပြည်အထိ မိုင်ပေါင်း ၃၀ နီးပါး ရှည်လျားထိစပ်နေပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။

သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်ပညာရှင် စိုင်းခေးဆိုင်၏ အဆိုအရ ပုံးအင်းဒေသတွင် ရေထုညစ်ညမ်းရခြင်းမှာ နမ့်တဘက်ချောင်း အထက်ပိုင်းရှိ ပင်းပက်စက်ရုံမှ စွန့်ပစ်သည့် ရေဆိုးများကြောင့် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ပင်းပက်စက်ရုံသည် ရေဆိုးများကို နမ့်တဘက်ချောင်းအတွင်း တိုက်ရိုက်ဖောက်ချနေပြီး အဆိုပါချောင်းကို မှီတင်းနေထိုင်သည့် ကျေးရွာပေါင်း ၁၀၀ ကျော် ထိခိုက်လျက်ရှိကြောင်း ထောက်ပြထားသည်။

ပင်းပက်စက်ရုံ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရုရှား TPE ကုမ္ပဏီတို့ စတင်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဘီလျံနှင့်ချီသော အရှုံးပေါ်မှုများကြောင့် NLD အစိုးရက ရပ်ဆိုင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်ကော်မရှင်က ရုရှားနိုင်ငံ၏ အကူအညီဖြင့် ပြန်လည်စတင်ရန် ကြိုးပမ်းနေသည်။

စီမံကိန်းတွင် အဓိကပါဝင်သည့် ရုရှား VO Tyazhpromexport ကုမ္ပဏီသည် မြန်မာစစ်တပ်ကို လက်နက်တင်ပို့နေသည့် Rostec ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထောက်ပြထားသည်။

အဆိုပါစက်ရုံလည်ပတ်ရန်အတွက် ကျေးသီးမြို့နယ်မှ ကျောက်မီးသွေးကို တစ်ရက်လျှင် တန်ချိန် ၁,၅၀၀ နီးပါး ထုတ်ယူသုံးစွဲရန် စီစဉ်ထားကြောင်း Shan State Frontline Investment Monitor (SSFIM) ၏ ၂၀၂၃ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပင်းပက်စက်ရုံမှ ထွက်ရှိလာသော သံစိမ်းကုန်ကြမ်းများကို သယ်ယူရန် စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကား- ပင်းပက် ရထားလမ်းမှတစ်ဆင့် မြင်းခြံရှိ သံမဏိစက်ရုံနှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

စီမံကိန်းအတွက် စိုက်ပျိုးမြေ တစ်ဧကလျှင် ကျပ်ငွေ ၅,၀၀၀ ဖြင့် ခြိမ်းခြောက်ဝယ်ယူခဲ့ပြီး မြေယာသိမ်းဆည်းမှုကြောင့် တောင်သူများမှာ မြေယာမဲ့ဖြစ်ကာ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင် နေရကြောင်း (PYO) က ဆိုသည်။

စစ်ကော်မရှင်က အဆိုပါစက်ရုံမှ တစ်နှစ်လျှင် သံစိမ်းတန်ချိန် ၂ သိန်း ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ပညာရှင်များနှင့် ဒေသခံများက စီမံကိန်း၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာသိမ်းဆည်းမှုနှင့် ဒေသတွင်း ဂေဟစနစ် ပျက်စီးနေမှုများအပေါ် အပြင်းအထန် ဝေဖန်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News