သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က သျှမ်းပြည်အတွင်း ကျောင်းအပ်နှံသူဦးရေ ၅၀,၉၅၆ ဦး (၇ ဒသမ ၄၅ ရာခိုင်နှုန်း) လျော့ကျသွားသည့်အပေါ် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
“ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအားလုံးရဲ့ အခြေခံအုတ်မြစ်ပါ။ လက်ရှိနိုင်ငံရေးနဲ့ ပညာရေးအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အနာဂတ်ရဲ့ ပုံရိပ်ကို ခန့်မှန်းနိုင်ပါတယ်” ဟု ဦးခွန်ဒီဂေါလ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
သျှမ်းပြည်အတွင်း ကျောင်းတက်နှုန်းကျဆင်းရခြင်းမှာ စစ်ဘေးရှောင်နေရခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိသားစုများ စားဝတ်နေရေး ကျပ်တည်းလာခြင်းနှင့် ကျောင်းပြောင်းလက်မှတ် (TC) ထုတ်ယူရန် ခက်ခဲခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း ကျောင်းနေအရွယ်ကလေးငယ် ၁၃ သန်းဝန်းကျင်ရှိသည့်အနက် ၆ ဒသမ ၃ သန်းကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာနေရကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်၏ ပညာရေးဝန်ကြီးဌာနက အသက် ၁၅ နှစ်အထက် ကလေးငယ်များကို အတန်းဝင်ခွင့် ကန့်သတ်ထားခြင်းကြောင့် စစ်ဘေးရှောင်ရင်း အချိန်နှောင်းသွားသည့် သျှမ်းပြည်မှ လူငယ်အများအပြားမှာ အစိုးရကျောင်းများသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲဖြစ်နေကြသည်။
သျှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကမူ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများအတွက် တသက်တာပညာရေး အစီအစဉ်များကို ဆောင်ရွက်ပေးနေသည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။
သို့သော်လည်း မြေပြင်အခြေအနေတွင် စစ်ရေးပဋိပက္ခများကြောင့် အဆိုပါအစီအစဉ်များမှာ ထိရောက်မှုမရှိသေး ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။













Leave a Comments