ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။
အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုတို့ ဦးဆောင်ကာ မြန်မာစစ်အစိုးရ၏ ညှိနှိုင်းရေးအဖွဲ့၊ တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့တို့နှင့် သီးခြားစီ ဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုဆွေးနွေးမှုများအပြီးတွင် နှစ်ဖက်စလုံးက ပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ကြောင်း အသီးသီးအသိအမှတ်ပြုခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းစပွင့်လာခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူကိုယ်တိုင်တွေ့ခွင့်ရရန်တွန်းအားပေးခြင်း-
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ဘန်ကောက်မြို့ရှိ နိုင်ငံတကာသံတမန်အဖွဲ့ကို ရှင်းလင်းတင်ပြပွဲတွင် အာဏာသိမ်းအစိုးရ၏ နှုတ်ကတိများကို မေးခွန်းထုတ် စိန်ခေါ်ခဲ့သည်။
မြန်မာစစ်အစိုးရက အသက် ၈၁ နှစ်အရွယ်ရှိ နိုဘယ်လ်ဆုရှင်သည် သတ်မှတ်နေအိမ်တွင် ကောင်းမွန်စွာရှိနေကြောင်း ပြောဆိုထားသော်လည်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြေပြင် ပကတိအခြေအနေကို လူကိုယ်တိုင်တွေ့မြင်စစ်ဆေးရန် လိုအပ်ကြောင်း နိုင်ငံခြားသံအမတ်ကြီးများကို အသိပေးခဲ့သည်။
ထိုင်းနိုင်ငံသည် လာမည့်နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ လျာထားသည့် လူသားချင်းစာနာမှုခရီးစဉ်အတွင်း အထူးသံတမန် မာရီယာ ထရီဆာ လာဇာရိုအား ဒေါ်အောင်ဆန်းစုကြည်နှင့် လူကိုယ်တိုင် ပေးတွေ့ရန် တရားဝင်တောင်းဆိုထားပြီး၊ ထိုတွေ့ဆုံခွင့်သည် စစ်အစိုးရမှ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ တိုင်းတာမည့် အဓိကစံနှုန်းအဖြစ် သတ်မှတ်ထားသည်။
စစ်ကောင်စီကို ထိန်းကျောင်းမည့် ‘စံနှုန်း ၄ ချက်’ နှင့် ဆွေးနွေးပွဲ-
ထိုင်းနိုင်ငံရဲ့ “အခြေအနေအလိုက် အကန့်အသတ်ဖြင့် ညှိနှိုင်းဆက်ဆံရေး” မူဝါဒအောက်တွင် စစ်အစိုးရကို ထိန်းကျောင်းရန် အာဆီယံက သတ်မှတ်လိုက်သည့် “တိုးတက်မှုဆိုင်ရာ စံနှုန်း ၄ ချက်” မှာ
၁။ လူသားချင်းစာနာမှုအကူအညီပေးရေး – အာဆီယံ (AHA Centre) မှတဆင့် ကူညီထောက်ပံ့မှုများကို မြေပြင်တွင် တိုက်ရိုက်ပေးဝေခွင့်ရရန်။
၂။ အကြမ်းဖက်မှုများ လျှော့ချရေး – အရပ်သားများကို ထိခိုက်စေသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန်။
၃။ အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြစ်ရေး – အတိုက်အခံအဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန်။
၄။ ကောင်းမွန်သော နိုင်ငံရေးပတ်ဝန်းကျင်ဖန်တီးရေး – နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနဲ့ ပတ်သက်ပြီး လက်တွေ့ကျသော တိုးတက်မှုများ ရှိလာရန် စသည့် အချက် ၄ ချက်ဖြင့် စံနှုန်းသတ်မှတ်တိုင်းတာသွားမည်ဖြစ်သည်။
ယခု သံတမန်ရေးအရ တွန်းအားပေးမှုများတွင် အာဆီယံအထူးသံတမန်နှင့် ထိုင်းအရာရှိများသည် စစ်တပ်ကျောထောက်နောက်ခံပြု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် သီးခြားဆွေးနွေးခဲ့ပြီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အပါအဝင် တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့နှင့်လည်း ပူးပေါင်းဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ တော်လှန်ရေးအဖွဲ့များသည် ဆွေးနွေးပွဲပြုလုပ်ရန် အသင့်ရှိသော်လည်း ဘုံသဘောထားတစ်ရပ်ကို တစ်စုတစ်စည်းတည်း မရရှိသေးသဖြင့် ဆွေးနွေးပွဲများ ရှေ့ဆက်မသွားမီ ဘုံသဘောထားတစ်ရပ် ထွက်ပေါ်လာစေရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်နေခဲ့သည်။
ယခုထိုင်းနိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုနှင့် ကမ်းလှမ်းချက်များသည် ရှိနှင့်ပြီးသား အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5PC) ကို ပံ့ပိုးပေးပြီး ရပ်တန့်နေသော ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပြန်လည်စတင်နိုင်ရန် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သုံးသပ်ကြသည်။
ကိုးကား – The Nation Thailand












Leave a Comments