ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnviraku) သည် ရနောင်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုလျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသည့် တရားမဝင်ဂိုဒေါင်တစ်ခုကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။
ယမန်နေ့ (မေလ ၁၀ ရက်) က ထိုင်းဝန်းကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ရနောင်းပြည်နယ်သို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့ရုံးက ၎င်းဖြစ်စဉ်ကို “လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုပုံစံသစ်” အဖြစ် သတ်မှတ်လိုက်ပြီး၊ ဖြတ်သန်းကုန်စည် (Transit Cargo) အဖြစ် အယောင်ပြကာ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် သိုလှောင်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း သိရသည်။
ဂိုဒေါင်အတွင်း၌ လေအေးပေးစက် အလုံး ၂,၀၀၀ ကျော်နှင့် စက်မှုသုံးမီးစက်များ အပါအဝင် အခြားလျှပ်စစ်ပစ္စည်း အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။
“စီးနင်းမှုအတွင်းမှာ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ခေါ်ဆိုသူက ရဲအရာရှိကြီးတွေကို သိထားတဲ့အတွက် ဂိုဒေါင်ကနေ ချက်ချင်းထွက်သွားဖို့ သတိပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ကျနော်ကို ပြောပါတယ်။ ရနောင်းရဲတပ်ဖွဲ့မှူးအပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သစ္စာရှိမှုကို ကျနော် ချီးကျူးပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် မြန်မာဘက်ခြမ်းမှလည်း ယခုကိစ္စနှင့် ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုများ ရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင် သိမ်းဆည်းရမိသော ကုန်ပစ္စည်းများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ ရက်ပေါင်း ၃၀ အတွင်း ပြည်ပသို့ ပြန်လည်ထွက်ခွာခြင်းမရှိသော ဖြတ်သန်းကုန်စည်များအားလုံးကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Bangkok Post












Leave a Comments