ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းတွင် ပြောသည်။
မိုင်းဆတ်မြို့နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရှိ တရုတ်သတ္တုလုပ်ငန်း များမှ စွန်ပစ်ပစ္စည်းများကြောင့် ထိုင်း-မြန်မာနယ်စပ်တလျောက် ဖြတ်သန်းစီးဆင်းလာသော နမ့်ခုတ်မြစ်အတွင်း အာဆင်းနစ်ကဲ့သို့ အဆိပ်သင့်ဓာတ်များ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုနမ့်ခုတ်မြစ်အတွင်း အဆိပ်သင့်ဓာတ်သတ္တုများကို ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် စတင်တွေ့ခဲ့ပြီးနောက် မြစ်ရေညစ်ညမ်းမှုပြဿနာကို ထိုင်းအစိုရအနေဖြင့် နိုင်ငံအကြား ယနေ့တိုင်ညှိနှိုင်ဖြေရှင်းနိုင်ခြင်းမရှိသည့် အပေါ် ကန်နဝီက ဝေဖန်လိုက်သည်။
နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှုကို ကိုင်တွယ်ရာတွင် ယင်းဒေသသည် မြန်မာစစ်တပ်မထိန်းချုပ်နိုင်သောကြောင့် စစ်ကောင်စီနှင့် ညှိနှိုင်းဖြေရှင်း၍ ပြေလည်နိုင်မည်မဟုတ်ကြောင်း၊ မြန်မာစစ်တပ်သည် တနိုင်ငံလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိသလို သတ္တုတူးဖော်ရာဒေသကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို ထိုင်းအစိုးရအနေဖြင့် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သင့်ကြောင်း ၎င်းကဆိုသည်။
ထိုင်းအစိုးရသည် ဝ ဒေသရှိ တရုတ်ကုမ္ပဏီများ တူးဖော်နေသော သတ္တုလုပ်ငန်းများအရေး တရုတ်အစိုးရနှင့် ညှိနှိုင်းရန် နှုတ်ဆတ်နေပြီး ရေညစ်ညမ်းမှုကြောင့် ကြုံရမည့် ထိုင်းပြည်သူများ၏ လူမှုဘဝအပေါ် လျစ်လျူရှုနေသည်ဟု ၎င်းကပြောသည်။












Leave a Comments