စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြည်ပရောက် မြန်မာလုပ်သားများ နိုင်ငံအတွင်းသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် အလုပ်ရှင်၏ ခွင့်ပြုချက်နှင့် သံရုံးထောက်ခံစာ တင်ပြရမည်ဟု (ဧပြီလ ၂၈ ရက်) တွင် ထုတ်ပြန်လိုက်သည်။
ယနေ့ မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အဆိုပါညွှန်ကြားချက်အရ အလုပ်သမားများသည် မိမိတို့ လုပ်ကိုင်နေသည့် ကုမ္ပဏီ သို့မဟုတ် အလုပ်ရှင်ထံမှ တရားဝင်ခွင့်စာ ရယူရမည်ဖြစ်ပြီး ထိုစာကို သက်ဆိုင်ရာ မြန်မာသံရုံးတွင် ပြသကာ ထောက်ခံစာ ကြိုတင်ရယူထားရမည် ဖြစ်သည်။
အဆိုပါလုပ်ငန်းစဉ်သည် လက်တွေ့ မြေပြင်တွင် ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် လုပ်သားများက ထောက်ပြကြသည်။
မြန်မာလုပ်သား အများဆုံးရှိနေသည့် ထိုင်းနိုင်ငံတွင် ဘန်ကောက်နှင့် ချင်းမိုင်မြို့တို့၌သာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးရှိပြီး သန့်နှင့်ချီသော အလုပ်သမားများ၏ လိုအပ်ချက်ကို ဝန်ဆောင်မှုပေးရန် အရင်းအမြစ် မလုံလောက်နိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။
“သံရုံးမှာက နဂိုကတည်းက ပတ်စပို့လုပ်တဲ့သူတွေနဲ့တင် တစ်ရက်တစ်ရက် ပြည်နေ့တာ။ အခု အိမ်တစ်ခါ ပြန်တိုင်းထောက်ခံစာ တစ်ခါတောင်းရမယ်ဆိုရင် သူတို့ လုံလုံလောက်လောက် ဝန်ဆောင်မှု ပေးနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသသည်။
ထို့အပြင် ခွင့်ဖြင့် ပြန်လာသည့် အလုပ်သမားများသည် ၎င်းတို့၏ Work Permit၊ ဗီဇာ၊ ခွင့်စာပါ လုပ်ငန်းခွင်နှင့် အလုပ်သမားသက်သေခံကတ် (OWIC) ပါ လုပ်ငန်းခွင်လိပ်စာများ မတူညီပါက မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် OWIC ကတ်အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။
ပြည်ပနိုင်ငံများမှ ခွင့်ဖြင့် ပြန်လာသူများသည် အလုပ်ရှင်ခွင့်စာနှင့် သံရုံးထောက်ခံစာတို့ကို ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တောင်းခံရာတွင် မဖြစ်မနေ တင်ပြရမည်ဖြစ်သည်။
အကယ်၍ ခွင့်စာအား လိမ်လည်တင်ပြလာသည်ဟု ယူဆပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်း သို့မဟုတ် အမည်ပျက်စာရင်း (Blacklist) သွင်းခြင်းများ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ပြင်းထန်စွာ သတိပေးထားသည်။
ယခုစည်းကမ်းသည် မြန်မာနိုင်ငံရှိ မိသားစုဝင်များကို ထားခဲ့ကာ ပြည်ပထွက် အလုပ်လုပ်နေရသူများအတွက် အထိနာဆုံး ဖြစ်စေကြောင်း အလုပ်သမားများက ပြောသည်။
နေအိမ်ရှိ သက်ကြီးရွယ်အို သို့မဟုတ် ကလေးသူငယ်များ ကျန်းမာရေး အရေးပေါ်ဖြစ်လာပါက ယခုကဲ့သို့ ရှုပ်ထွေးလှသည့် ထောက်ခံစာ အဆင့်ဆင့်ကို စောင့်ဆိုင်းနေရခြင်းကြောင့် အချိန်မီ အိမ်မပြန်နိုင်တော့မည့် အခြေအနေကို စိုးရိမ်နေကြကြောင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ပြောသည်။
“အိမ်က မိသားစုကို ပြန်တွေ့ချင်တာတောင် ဒီထောက်ခံစာ ပြဿနာတွေကြောင့် ပြန်ချင်ပေမယ့် ပြန်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းဖြင့်ရော တရားဝင်နည်းလမ်းဖြင့်ပါ ဝင်ရောက်လာသူ ၆ သန်းကျော် ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုနေကြသည်။












Leave a Comments