မြန်မာနိုင်ငံ၏ စစ်ရေး ပဋိပက္ခနှင့် စီးပွားရေး ကျဆင်းမှုကြောင့် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် လူငယ်များသည် နယ်စပ်ဖြတ်ကျော်ခွင့် ကန့်သတ်ချက်များလာပြီး၊ ဌာနဆိုင်ရာအသီးသီးက အဆမတန် ငွေညှစ်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြည်ပအလုပ်အကိုင်ဖြင့် ထွက်ခွာခွင့် ပိတ်ထားခြင်း ဖြစ်သည်။
အဆိုပါကန့်သတ်ချက်များကို အခြေခံ၍ နယ်စပ်ရှိ အာဏာပိုင်များနှင့် ပွဲစားများသည် ငွေကြေးအမြတ်ထုတ်သည့် မှောင်ခိုဈေးကွက်တစ်ခုကို ဖန်တီးနေကြောင်း တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များက ပြောသည်။
အသက်မပြည့်သည့် လူငယ်တစ်ဦးသည် တရုတ်ပြည်ဘက်သို့ ဝင်ရောက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) အပါအဝင် ဌာနဆိုင်ရာများကို အသက်စာရင်း ပြင်ဆင်ခအဖြစ် တရုတ်ယွမ်ငွေ ၃,၅၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်) အထိ လာဘ်ထိုးနေရကြောင်း အခြေအနေကို သိရှိသူ လူငယ်တစ်ဦးက ပြောသည်။
“အသက် ၂၇ နှစ်မပြည့်ရင် ပြည့်အောင် လုပ်ပေးတာပေါ့။ ဌာနဆိုင်တွေ ပေါင်းပြီး လုပ်ပေးတာ။ အခုသူတို့ လာဘ်စားတာ အရမ်းများတယ်၊ လွန်လွန်းတယ်” ဟု လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလုပ်သမားတစ်ဦးသည် တရုတ်ပြည်တွင်းရှိ အထည်စက်ရုံများသို့ အလုပ်လုပ်ရန်အတွက် မြန်မာပြည်ဘက်ခြမ်းတွင် ဌာနဆိုင်ရာများကို စုစုပေါင်း ယွမ် ၂,၃၀၀ ခန့် ပေးရသည့်အပြင် တရုတ်ပြည်ဘက်ခြမ်းရှိ နေထိုင်ခွင့်နှင့် ဆေးစစ်ခများအတွက် နောက်ထပ် ယွမ် ၂,၅၀၀ ခန့် ထပ်မံပေးဆောင်ရကြောင်း ဆိုသည်။
အဆိုပါ ကုန်ကျစရိတ်အချို့ကို စက်ရုံပိုင်ရှင်များက ကြိုတင်စိုက်ထုတ်ပေးလေ့ရှိသော်လည်း အလုပ်သမားများ၏ လစာမှာ တစ်လ ယွမ် ၁,၄၀၀ မှ ၁,၈၀၀ အထိသာ ရရှိကြောင်း သိရသည်။
ထို့အပြင် စက်ရုံပိုင်ရှင်ကို တစ်လလျှင် ယွမ် ၅၀၀ မှ ၇၀၀ အထိ ပြန်လည်ဆပ်ပေးနေရကြောင်း တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားထံမှ သိရသည်။
၎င်းအခြေအနေသည် အလုပ်သမားများကို အကြွေးနွံထဲသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်နေကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
“ကျနော် ပြောချင်တာက လူငယ်တွေကို ခေါင်းပုံဖြတ်တာ၊ အခု တရုတ်ပြည်မှာ အလုပ်သွားလုပ်ရတဲ့ လူငယ်တွေ အရမ်း ဒုက္ခရောက်နေတယ်။ ရှာထားသမျှ ပိုက်ဆံတွေအားလုံး အကြွေးတွေပဲ ဆပ်နေရတာ” ဟု ၎င်းက ပြောသည်။
တရုတ်ပြည်သို့ ရောက်ရှိသွားသော မြန်မာလုပ်သားများသည် ၇ ရက်သက်တမ်းရှိ ယာယီစမတ်ကတ်များဖြင့်သာ လုပ်ကိုင်နေရပြီး စက်မှုဇုန်ဝင်းအတွင်းမှ အပြင်သို့ ထွက်ခွင့်မရှိဘဲ ပိတ်လှောင်ခံထားရသည့် အခြေအနေမျိုး ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းတို့သည် စက်ရုံအတွင်း၌သာ စား၊ အိပ်၊ အလုပ်လုပ် ကြရကာ လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးနေကြကြောင်း ဆိုသည်။
တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူငယ်အများစုမှာလည်း အောက်မြန်မာပြည်မှ လူငယ်များနှင့် သျှမ်းမြောက်ပိုင်းရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် သီပေါ၊ ကျောက်မဲနှင့် နောင်ချို မြို့နယ်များမှ ဒေသခံလူငယ်များ ဖြစ်ကြကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ယွမ်ငွေ ၁,၀၀၀ လျှင် မြန်မာကျပ်ငွေ ၆ သိန်း ၃ သောင်းကျော်အထိ ပေါက်ဈေးရှိနေသဖြင့် လူငယ်များပေးဆောင်နေရသည့် ကုန်ကျစရိတ်မှာ သာမန်မိသားစုများအတွက် မတတ်နိုင်သည့် ပမာဏဖြစ်သော်လည်း အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံရေးအခြေအနေများကြောင့် ၎င်းတို့သည် ခေါင်းပုံဖြတ်ခံရမှုများကို သိလျက်နှင့်ပင် စွန့်စားနေကြရသည်။
ပြီးခဲ့သည့် (မတ်လ ၂၃ ရက်) ညပိုင်းတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် ၃ ဦးကို လူမှုကူညီရေး ပရဟိတအသင်းက ကယ်တင်ခဲ့သည်။
အလားတူ တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ပွဲစားများက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည် အသက် (၂၀) အရွယ် အမျိုးသမီးငယ်တစ်ဦးကို (ဧပြီလ ၆ ရက်) ညပိုင်းတွင် လူမှုကူညီရေး ပရတိတအသင်းက ကယ်တင်နိုင်ခဲ့သည်။











Leave a Comments