ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းအများစုတွင် နွေရာသီပိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ယားနာရောဂါများ အဖြစ်များလာကြောင်း သတင်းရရှိသည်။
ဒီးမော့ဆိုဘက်မှ စစ်ရှောင်အများစု နေထိုင်သည့် နေရာတွင် သောက်သုံးရေရရှိရန် အတွက် ရေချောင်းများကို မှီခိုရသော်လည်း နွေရာသီရေခန်းခြောက်မှုကြောင့် ရေများရှားပါးကာ အဝီစိတွင်းတူး၍ သုံးစွဲနေကြရသည်။
ထိုသို့ အဝီစိတွင်းတူး၍ ရေသုံးစွဲရာတွင် လောက်ငှမှုမရရှိ၍ ရေများကို ဝယ်ယူသုံးစွဲရာတွင် ထော်လာဂျီတစ်စီးလျှင် ငွေကျပ် တစ်သိန်းကျော် ပေးကာ သုံးစွဲနေကြရကြောင်း သိရသည်။

“ဒီဘက်က အခြေနေကို သိစေချင်လိုက်တာ အရမ်းလည်းခေါင်တယ် ရေလည်း အရမ်းရှား၊ ရေတွင်းတူးလို့ ရွှေတွေ့ရင် တွေ့လိမ့်မယ် ရေတော့မတွေ့ဘူး၊ သူများလာရောင်းတဲ့ ရေကို ဈေးကြီးပေးဝယ်ပြီးသုံးရတယ်၊ ဘယ်ကရေတွေလည်းတော့မသိဘူး၊ ကလေးတွေ ယားနာအဖြစ်များလာတယ်။”ဟု ဒီးမော့ဆို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ယားနာဖြစ်ပွားရာတွင် သက်ကြီးရွယ်အိုနှင့် ကလေးအများဆုံးဖြစ်ပွားနေကြပြီး ရေအခက်ခဲကြောင့် တကိုယ်ရေသန့်ရှင်းမှုအားနည်းကာ ယားယံမှုများ ဖြစ်ပေါ်လာသည်ဟု ယူဆကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကော်မရှင်၏ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှုကြောင့် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည့်အပြင် အလုပ်ကိုင်အခွင့်လမ်းနည်းပါး၍ ပြည်ပထွက် အလုပ်လုပ်သည့် လူငယ်များ ပိုများလာကြောင်း စစ်ရှောင်များထံမှ သိရသည်။
ထို့အပြင် သောက်သုံးရေများကို ချွေတာသုံးစွဲရသဖြင့် တကိုယ်ရေသန့်ရှင်းရေးကို လုပ်ဆောင်ရန် ခက်ခဲပြီး တစ်လလျှင် သုံးကြိမ်ခန့်သာ ရေချိုးရသည့် အခြေအနေဖြစ်နေသည်။
ထို့အပြင် သန့်ရှင်းသော သောက်သုံးရေလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။


“ရေကရွှေလိုပဲ အရမ်းအဖိုးတန်တယ်၊ ချွေတာသုံးစွဲရတာ၊ ရေရှိတဲ့ နေရာပြောင်းနေမယ်ဆိုလည်း အဲနေရာက လမ်းလည်းမရှိ အရမ်းဝေးလံ ခေါင်ဖျားတဲ့ နေရာဖြစ်တော့ ပြောင်းဖို့ အခက်ခဲဖြစ်နေကြတယ်၊ယားနာဖြစ်တဲ့ သူတွေကို ဆေးကုသဖို့ အကူညီတွေလိုအပ်နေတယ်၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ အကူညီတွေလည်း လိုအပ်နေတယ်။”ဟု အဆိူပါ စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ရှောင်အများစုသည် ရေများကို မိုးကာဖြင့်ရေကန်ပြုလုပ်၍ သိုလှောင်ထားရပြီး မိုးတွင်းအချိန်မှ ရေများကို လောက်ငှစွာအသုံးပြုနိုင်ကြသည်။
ဒီးမော့ဆိုဘက်ခြမ်းတွင် နေ့ဘက်တွင် အပူချိန်မြင့်မား၍ ညဘက်တွင် အအေးပိုသောကြောင့် စစ်ရှောင်အများစုသည် ယားယံမှုအပြင် နှာစေး၊ချောင်းဆိုးခြင်းကိုလည်း ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင်လည်း ဒီးမော့ဆို့ဘက်တွင် စစ်ရှောင်များ ရေရှားပါးမှုနှင့် ယားနာဖြစ်ပွားမှုများ ကြုံတွေ့ခဲ့ရသော်လည်း ယခု ၂၀၂၆ ခုနှစ်တွင် အပူချိန်မြင့်မားလာမှုကြောင့် ယခင်နှစ်များထက် သောက်သုံးရေအခက်များ ကြုံတွေ့လာရကြောင်း သိရသည်။










Leave a Comments