လေယာဉ်ဆီပြတ်လပ်မှုကြောင့် ရပ်နားထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယနေ့ (မတ်လ ၂၅ ရက်)မှ စတင်ပြီး ပြန်လည်ပြေးဆွဲနေကြောင်း စုံစမ်းသိရသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၊ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ မင်္ဂလာ Mingalar Airline ၊ Air Thanlwin ၊ မန်းရတနာပုံ စသည့် လေကြောင်းလိုင်းများမှာ လေယာဉ်ဆီ ပြတ်လပ်မှု အခက်အခဲများကြောင့် မတ်လ ၂၀ ရက်မှ စတင်ပြီး ပြည်တွင်းခရီးစဉ် အများစုကို ရပ်နားထားခဲ့ရာမှ ယနေ့ (မတ်လ ၂၅ ရက်) တွင် ပြန်လည်ပြေးဆွဲနေကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
“အခုကတော့ ပုံမှန်အတိုင်း ပြန်ပြေးဆွဲမယ်လို့တော့ ပြောတယ်။ တာချီလိတ်ဆိုရင် တစ်ရက်ကို ၂ ကြိမ် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း အရင်လို သွားလာလို့ ရမယ်။ သင်္ကြန်လောက်အထိ ခရီးစဉ် လမ်းကြောင်းကတော့ ရှိဦးမယ်။ လက်မှတ်ဈေးနှုန်းကတော့ အပြောင်းအလဲ ရှိနိုင်မယ်” ဟု တာချီလိတ်မြို့ရှိ အရောင်းကိုယ်စားလှယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ (မတ်လ ၂၄ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စက်သုံးဆီ ဖူလုံရေးနှင့် သုံးစွဲမှု စနစ်တကျဖြစ်ရေး အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တာချီလိတ် အပါအဝင် ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့် ကားဖြင့် သွားလာရန် ခက်ခဲသည့် မြို့များကို ဦးစားပေးပြီး လေကြောင်းခရီးစဉ်များ မဖြစ်မနေ ပြေးဆွဲသွားရန် ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင် လက်အောက်ခံ သတင်းစာများတွင် ဖော်ပြထားသည်။
ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် MAI လေကြောင်းလိုင်း ကြေညာချက်ထဲတွင် မတ်လ ၂၅ နှင့် ၂၆ ရက်အတွက် ရန်ကုန်-ကျိုင်းတုံ၊ ရန်ကုန်-တာချီလိတ်-ဟဲဟိုး ခရီးစဉ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှ ၂၄ ရက်ကြားတွင် လေကြောင်းလိုင်း အများစုမှာ ပြည်တွင်းခရီးစဉ် အများစုကို ဧပြီလကုန်အထိ ဖျက်သိမ်း ရပ်နားလိုက်ခြင်းကြောင့် ခရီးသွားလာရန် ကြိုတင်လက်မှတ်ဖြတ် ဝယ်ယူထားသည့် ပြည်သူများမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး သင်္ကြန်ကာလ အားလပ်ရက် ပိတ်ရက်ရှည် နေရပ်ပြန်မည့်သူများ စိုးရိမ်ပူပန်ခဲ့ရကြောင်း ခရီးသွားများထံမှ သိရသည်။
လက်ရှိတွင် လေကြောင်းလိုင်းများမှ ခရီးဆောင်အိတ် သယ်ဆောင်ခွင့် အလေးချိန်များကို မူလအတိုင်း ပြန်လည်ခွင့်ပြုကြောင်း ထုတ်ပြန်ထားသော်လည်း စစ်ကော်မရှင်၏ စက်သုံးဆီ ကန့်သတ်ထိန်းချုပ်မှုကြောင့် လေယာဉ်ဆီ ရရှိရန် ခက်ခဲနေပြီး ပြည်ပနိုင်ငံများမှ လေယာဉ်ဆီ လက်ခံရရှိမှု မလုံလောက်ကြောင်း သိရသည်။












Leave a Comments