ယနေ့ … ဈေးနေ့ … ဖြစ်သည်

ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။

အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။

မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင် လာယူတော့မည့် ဆိုင်ကယ်စီး ဈေးဖောက်သည်တွေအတွက် ပစ္စည်းတွေကို ကြိုတင်ထုပ်ပိုးဖို့ ဒီအချိန်သည် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

ဆိုင်ကယ်ဈေးသည်တွေက မနက် ၄ နာရီလောက်ဆို ရောက်လာတတ်သည်။ တစ်ဈေးလုံး ပတ်သွားတတ်ပြီး သူတို့ သဘောကျတဲ့ ပစ္စည်း ရောင်းရသည့် ကုန်အများစုကို လိုက်လံ ဝယ်ယူတတ်သည်။

“ဟေ့ … အရမ်း မစစ်နဲ့တော့ … ငါတို့ ရောင်းနိုင်တဲ့ဈေး အဲ့ဒါ အကုန်ပဲ …” ဟု ချဉ်စော်ခါးသီးများကို တစ်လုံးချင်း ကောက်ထည့်နေရင်း ပြောလိုက်သည့် တအာင်း (ပလောင်)စျေးသည်၏ ဗမာသံ ဝဲသဲသဲမှာ အသံပီပီသသဖြင့် တိတ်ဆိတ်စွာ အဆက်မပြတ် လုပ်ကိုင်နေကြသည့် ပတ်ဝန်းကျင်ကို ပြုံးစိစိ ဖြစ်စေပြီး မနက်ခင်း အစ,သည် လှုပ်လှုပ်ရှားရှား အသက်ဝင်လာလေသည်။

ငှက်ပျောသီးနှင့် ကောက်ညှင်းကို ကြိတ်ပြီး အလုံးလေးတွေ ကြော်ထားသည့် ငှက်ပျောသီးကြော်ကို ဈေးဝယ်များ တော်တော် ကြိုက်ကြသည်။ ၃ လုံး ၅၀၀ ကျပ် တစ်ထုပ်ကို အများကြီး ထုပ်ပေးရတာကို တွေ့သည်။

သိန္နီမြို့က စျေးနေ့မြင်ကွင်း

ပဲပေါင်း ပူပူလေးကိုလည်း ထုတ်ရသည်။ ပေါက်စီ ပူပူလောင်လောင်ကို ငရုတ်သီး ကြက်သွန်ဖြူ ဆီချက်ကြော်နှင့် တွဲစားရသည်ကိုလည်း ကြိုက်ပုံရသည်။ တစ်ခါတစ်ခါ ဆိုင်ကယ်ဈေးသည် တစ်ဦးလျှင် ၁၀ ထုပ်ခန့် ထုပ်သွားတတ်သည်။

ဒီနေ့လို အချိန်ဆို ဈေးထဲမှာ အမဲနံတုံ ဝက်နံတုံ ရောင်းသည့် ဈေးသည်ကို တွေ့ရတတ်သည်။ လင်ဗန်းထဲမှာ အညိုရောင် တုန်တုန်အိအိ အချပ်လိုက် အစိမ်းရောင်နံနံပင် အနီရောင် ငရုတ်သီးတွေနှင့် လှနေသည်။ ရောင်းသူ ရှားတော့ ဆိုင်ကယ်ဈေးသည်တွေ အလုအယက် ဝယ်ကြသည်။

ဒီအချိန်ဆို ပေါများသည့် တစ်ထွာကျော်ကျော် ကန်စွန်းဥ ကြီးကြီးတွေကို တွေ့ရသည်။ အစေ့ပြည့် အဆံပြည့် အဖူးကြီးကြီး ပြောင်းဖူးတွေကို တွေ့ရသည်။ ပိန်းဥလုံးကြီးတွေကို တွေ့ရသည်။ စိမ်းစိမ်းဖားဖား ရှိနေတဲ့ မုန်ညှင်း အမျိုးအစား အစုံတွေကို တွေ့ရသည်။

ရေနွေးဆူဆူထဲ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲပုပ်မှုန့်ထည့် မုန်ညှင်းခပ်စားရသည့် ခပ်မြန်မြန် ဟင်းချိုတစ်ခွက်က အိမ်တိုင်လိုလို မပါမဖြစ် … ရာသီဥတု အေးအေးနှင့် ဒီလို အချိန်ဆို အိမ်တိုင်းလိုလို အငွေ့တထောင်းထောင်း ပဲပုပ်နံ့ သင်းနေသည့် မုန်ညှင်းဟင်းချို တစ်ခွက်ကို ချက်စားတတ်ကြသည် မဟုတ်လား … ။

ဝက်ရိုးနှင့် မုန်ညှင်းရိုးတံ စိမ်းစိမ်းတွေကို တစ်ညလုံး မီးအေးအေးနှင့် နှပ်ထားပြီး၊ ရိတ်ရိတ်လေး လှီးထားသည့် နံနံပင်နှင့် ငရုတ်သီးကို စားခါနီးမှ ထည့်စားရသော၊ ထန်းလျက်ရဲ့ ခပ်ချိုချို၊ မန်ကျည်းသီးရဲ့ ခပ်ချဉ်ချဉ် အရသာတို့က လျှာဖျားပေါ် စိမ့်ဝင်လာသည်။

“မုန့်ညှင်းစော ၅ ထုပ်၊ မျှစ်ဟင်း ၅ ထုပ်၊ ဝဥဟင်း ၁၀ ထုပ်၊ ဝက်မုန်ညှင်းချဉ်ကြော် ၁၀ ထုပ် ထည့်ပေး … မုန်ညှင်းစောက အောက်ပြည်က လာတဲ့သူတွေ စားကြတယ် … ပြီးတော့ မုန်ညှင်းပေါင်းထုပ်လည်း ကျန်သေးတယ်မလား …” ဆိုတဲ့ ဆိုင်ကယ်ဈေးသည်နှင့် ဟင်းရောင်းသူတို့၏ စကားပြောသံမှာ ရယ်ရယ် မောမောနှင့် … ဟင်းရောင်းသူ၏ လက်မှာတော့ အိုးစည်တီးသလို သွက်လက်လှသည် ခပ်မြန်မြန်ပင် …

ငှက်ပျောရွက်နှင့် တစ်ထပ်စီ ခင်းထားတဲ့ ခေါပုတ်ထောင်း နွေးနွေးအိအိ အချပ်တွေက အငွေ့ မသေသေး … ဈေးသည်တွေ အလုအယက် ကြွပ်ကြွပ်အိတ်ထဲ အလျင်အမြန် ထည့်လိုက်ချီလိုက်ဖြင့် ခပ်သွက်သွက် လှုပ်ရှားလျှက် ရှိကြသည်။

ယနေ့သည် … ဈေးနေ့ … ဖြစ်သည်။

ဈေးသည် ဒေသတစ်ခု၏ သက်ရှိပြတိုက် ဖြစ်သည်။ ဈေးသည် အုတ်နံရံနှင့် အမိုးအကာများဖြင့် ဖွဲ့စည်းထားသော အဆောက်အဦ တစ်ခုမျှသာ မဟုတ်ပါ။ ဒေသခံတို့၏ ရိုးရာအငွေ့အသက်များကို မြင်ရသည်၊ ယဉ်ကျေးမှုများကို မြင်ရသည်။ ပြုမှုလှုပ်ရှားပုံများကို မြင်ရသည်၊ ဓလေ့များ ကို မြင်ရသည်။

ဈေးထဲတွင် ဒေသတစ်ခု၏ ထုတ်ကုန် အများအပြားကို မြင်ရသည်။ တောင်ပေါ် မြေပြန့်မှ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံကို တစ်နေရာတည်းမှာ စုစည်းပေးထားသည့် “ယဉ်ကျေးမှု ဗဟိုချက်မ” တစ်ခုလည်း ဖြစ်သည်။

ဈေးသည် လူပေါင်းများစွာ၏ ဘဝများကို ချည်နှောင်ထားသော နေရာတစ်ခု ဖြစ်သည်။ ဈေး၏ ဖြစ်တည်မှုသည် ကုန်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်ရုံသက်သက်ဖြင့် ရှင်သန်နေခြင်း မဟုတ်ဘဲ လူတို့၏ “ယုံကြည်မှု၊ ရိုးသားမှုနှင့် အပြန်အလှန် အမှီသဟဲပြုမှု” ဆိုသည့် အခြေခံအုတ်မြစ်များပေါ်တွင် ရှင်သန်နေခြင်း ဖြစ်သည်။

ဒေသခံများအတွက်မူ ဈေးသည် ဘဝ၏ လုံခြုံရာအရပ် ဖြစ်သည်။ ဈေးထဲတွင် လူတို့သည် ပစ္စည်းတင် ရောင်းကြသည်မဟုတ်၊ သူတို့၏ နာကျင်မှု၊ ပျော်ရွှင်မှုနှင့် သတင်းစကားများကိုပါ မျှဝေကြခြင်း ဖြစ်သည်။ ဈေးသည် လူထု၏ “မှတ်ဉာဏ်” များ စုဝေးရာ သိုလှောင်ရုံကြီး တစ်ခုသဖွယ် ဖြစ်တည် ရှင်သန်လာခဲ့သည်။

ပဲပုပ်နံ့သင်းသည့် မုန့်ညှင်းဟင်းရည်တို့သည် ရိုးရှင်းသော အစားအစာများ မဟုတ်ဘဲ ဒေသတစ်ခု၏ “အမှတ်သညာ”များ ဖြစ်ကြသည်။ ဤအမှတ်သညာများ၊ အလေ့အထများ စုစည်းမိသည့် အခါမှသာ “ဈေး”ဆိုသည့် သက်ရှိသဏ္ဍာန် ရပ်ဝန်းတစ်ခု ဖြစ်တည်လာရခြင်း ဖြစ်သည်။

မရပ်မနားသော တိုက်ပွဲများကြောင့် ထိုဈေးနေ့များ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခြင်းသည် ဒေသခံတို့၏ ဘဝကို အမှောင်ဖုံးသွားစေသည့် အဓိက အကြောင်းရင်း ဖြစ်လာသည်။

ဈေးဖိတ်နေ့ … ဈေးနေ့ … ဈေးလွန်တစ်ရက် … ဈေးလွန်နှစ်ရက် … စသည်ဖြင့် ငါးရက်တစ်ဈေး အလှည့်ကျ တစ်နှစ်ပတ်လုံး လည်ပတ်နေခဲ့သည့် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားများအတွက် ဈေးနေ့သည် ရိက္ခာဝယ်ယူရာ နေရာတစ်ခုထက် ပို၍ ဒေသတစ်ခုလုံး၏ “အသက်သွေးကြော”ပမာ အရေးပါလှသည်။

ဈေးနေ့များ မရှိတော့သည့်အခါ ဝေးလံသော တောင်ပေါ်ရွာများအတွက် တစ်ပတ်စာ ရိက္ခာကွင်းဆက်သည် ရုတ်ချည်း ပြတ်တောက်သွားရသည်။

ဆားတစ်ထုပ်၊ ဆီတစ်ပုလင်း ရဖို့ပင် ခက်ခဲလာပြီး ငတ်မွတ် ခေါင်းပါးမှုသည် အိမ်တံခါးဝအထိ တိုးဝင်လာသည်။ စိုက်ပျိုးထားသော သီးနှံများကို ရောင်းချရန် ဈေးကွက် မရှိတော့သဖြင့် ဝင်ငွေမဲ့ကာ ဆင်းရဲတွင်း ပိုနက်သွားသည်။

အဆိုးဝါးဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုပင် ဖြစ်သည်။ စည်ကားခဲ့သော ဈေးနေရာတွင် သေနတ်သံနှင့် ယမ်းနံ့များသာ ကြီးစိုးလာပြီး၊ ရောင်စုံခေါင်းပေါင်းများနှင့် အပြုံးများအစား အကြောက်တရားနှင့် တိတ်ဆိတ်ခြင်းများက နေရာယူလာသည်။

၅ ရက်တစ်ဈေး ယဉ်ကျေးမှု ကွယ်ပျောက်သွားခြင်းသည် တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သလို၊ လူတစ်ဦးနှင့်တစ်ဦးကို ချိတ်ဆက်ထားသည့် “အပြန်အလှန် ယုံကြည်မှုနှင့် နွေးထွေးမှု” တို့ပါ ပြိုလဲသွားခြင်း ဖြစ်သည်။

“ဈေးနေ့က ဘယ်နေ့လဲတောင် မသိတော့ပါဘူး … ။ မြန်မြန်ရောင်း … မြန်မြန်ပြန် … အခြေအနေလေး ငြိမ်ရင်သွားရောင်း … အနီးအနားက တောင်ပေါ်က သူတွေလည်း မလာတော့ဘူး”ဟု ကျောက်မဲဒေသတွင် နေထိုင်ပြီး ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ မမိုးက ပြောသည်။

၅ ရက်တစ်ဈေး အလှည့်ရောက်သည့် နေ့တိုင်းတွင် တောင်ပေါ် မြေပြန့်မှ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံဖြင့် စည်ကားခဲ့သော ဆုံမှတ်ကလေး တိတ်ဆိတ်သွားရခြင်းသည် ဒေသခံတို့၏ “လူမှုဝိညာဉ်”ကို သတ်ဖြတ်လိုက်ခြင်းနှင့် တူပေသည်။

ယနေ့သည် … ဈေးနေ့ … ဖြစ်သည်။

နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...