သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။
ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ မိုင်းကျက်ကျေးရွာ၌ အစည်းအဝေး ခေါ်ယူကာ အုပ်ချုပ်ရေးနှင့် အနာဂတ်အစီအစဉ် မူဝါဒများ ရှင်းပြခဲ့ပြီး စစ်သင်တန်း တက်ရောက်ရန်အတွက် လူငယ်အမျိုးသား ၁၀၀ ဦး ဆင့်ခေါ်ပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ဇန်နဝါရီလ ၁၉ ရက်တွင် လားရှိုးမြို့နယ် ဟိုလင်းကျေးရွာ ရွာသူကြီးမှ UWSA ဆင့်ခေါ်သည့် စစ်သင်တန်း တက်ရောက်ရန် ရွာသားများကို အစည်းအဝေးခေါ်ယူ ပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်တွင် အသက် (၄၀) အရွယ် စိုင်းလွက် ဆိုသူမှာ အဆိပ်သောက်သုံးပြီး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တချို့လည်း အဲ့ရက်မှာ ချက်ချင်း အထုပ်ပြင်ပြီး ထွက်ပြေးကြတယ်။ တချို့လည်း ပိုက်ဆံမရှိလို့ ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိဘူး။ အဆိပ်သောက် သေတဲ့ စိုင်းလွက် က အိမ်မှာလည်း မိသားစု စားဝတ်နေရေး တာဝန်ယူရတဲ့အပြင် စစ်သင်တန်း သွားရမယ့်ထဲ ထပ်ပါတော့ ကြံရာမရတဲ့အဆုံး အဆိပ်သောက် သေကြောင်းကြံသွားတာ” ဟု အဆိုပါ လားရှိုးဒေသခံ အမျိုးသားက ပြောသည်။
UWSA ဆင့်ခေါ်သည့် စစ်သင်တန်းတက်ရောက်ရန် ရွာသူကြီးများမှ ရပ်ရွာအတွင်း လူငယ်များကို ပြန်လည်ပြောဆိုခဲ့ခြင်းကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးသူများ ရှိသကဲ့သို့ ကြံစည်ရာမရဘဲ အဆိပ်သောက် သေကြောင်းကြံသည်အထိ ဖြစ်ပွားနေကြောင်း လားရှိုးဒေသခံများက ပြောသည်။
ယမန်နှစ် ၂၀၂၅ ခုနှစ်အတွင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ ဒေသခံများလည်း UWSA ဆင့်ခေါ်သည့် ပြည်သူ့စစ်သင်တန်းသို့ တစ်ကြိမ် တက်ရောက်ခဲ့ရပြီး အပြင်းအထန် စစ်ရေးလေ့ကျင့်ခိုင်းခြင်း၊ ဘာသာစကား နားမလည်ခြင်းများကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အဆိုပါ စစ်သင်တန်းမှ ပြန်လာပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မိုင်းကျက်မှာ ပြည်သူ့စစ်လုပ်တဲ့ လူငယ်သိပ်မရှိဘူး၊ အများစုက စစ်သားလုပ်ရမှာ ကြောက်လို့ ထွက်ပြေးကြတာ။ အခုကျန်တာက ဘုန်းကြီးကျောင်းသွားတဲ့ သက်ကြီးအရွယ်တွေပဲ ရှိတော့တာ။ တခါတလေ ပြည်သူ့စစ်တွေက ရှော့ခ်တိုက်တဲ့စက်နဲ့ ငါးသွားရှာခိုင်းတာ၊ နောက်ပြီး ‘ဝ’စစ်သားတွေက လူကြီးတွေကိုလည်း မလေးစားတတ်ကြဘူး” ဟု အဆိုပါ လားရှိုးဒေသခံ အမျိုးသားက ဆက်ပြောသည်။
လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ လူငယ်အမျိုးသား ၁၀၀ ကျော်ကို စစ်သင်တန်းတက်ရောက်ရန် UWSA ဘက်မှ အတင်းအကြပ် ဆင့်ခေါ်နေခြင်းနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
မိုင်းကျက်ကျေးရွာအုပ်စုသည် လားရှိုးမြို့နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်က မိုင်းကျက်ကျေးရွာတွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ်၏ ဗျူဟာကုန်းစခန်းကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှ စတင်၍ ‘ဝ’တပ်ဖွဲ့ဘက်မှ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်လာသည်။

လားရှိုးမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းကျက်ကျေးရွာအုပ်စုသည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့နယ်တို့ဆုံရာ နယ်စပ်ဖြစ်ပြီး ‘ဝ’တပ်ဖွဲ့က သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် နယ်မြေချဲ့ထွင်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
အလားတူ ၂၀၂၅ မေလဆန်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။












Leave a Comments