သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ နေအိမ်အချို့နှင့် လယ်ကွက်များလည်း ရေနှစ်မြှုပ်နေကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီနမ့်ယောင်ချောင်းက မိုးဆက်တိုက်ရွာလို့ ရေကြီးတာပါ။ ချောင်းတစ်လျှောက်မှာရှိတဲ့ မြေနိမ့်ပိုင်းက ရွာတွေလည်း ရေဝင်တယ်။ စပါးခင်းတွေလည်း မြှုပ်ပါတယ်။ အခုထိတော့ ပျက်စီးမှုစာရင်း အတိအကျရဖို့ ခက်နေသေးတယ်။ အဲ့ချောင်းဘေး ဖွင့်ထားတဲ့ ဆိုင်တွေဆိုလည်း မြင်တောင်မမြင်ရတော့ဘူး” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ခေးခမ်းကျေးရွာဘက်ရှိ နေအိမ်အချို့မှ ဒေသခံများသည် ဘေးလွတ်ရာနေရာများနှင့် အသိဆွေမျိုးများထံသို့ ယာယီပြောင်းရွှေ့နေထိုင် နေကြရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“လားရှိုးမြို့ပဲ မဟုတ်ဘူး။ဒီရက်ပိုင်းက မြို့တိုင်းလိုလိုကို မိုးကဆက်တိုက်ရွာနေတာ။ ချောင်းရေတွေ ကလည်းတက်ပြီးလေ အဲ့တော့ ရေတွေကဝင်။မြေနှိမ့်ပိုင်းမှာ နေတဲ့တချို့ အိမ်တွေကတော့ အသိဆွေမျိုးစီတော့ ခဏပြောင်းရွှေ့ပြီးတော့ နေနေရတာ”ဟု ၎င်းက ပြောသည်။
ထို့အပြင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီ နှင့် သီပေါမြို့နယ်အပါအဝင် မြိုနယ်အချို့တွင်လည်း စပါးခင်းများ ရေနစ်မြှုပ်ခြင်း၊ မြေပြိုမှုများ ဖြစ်ပွားခြင်း နှင့် ပြည်ထောင်စုလမ်မကြီးပေါ် ရေကျော်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်တွင်လည်း မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် နမ့်ပေါင်ချောင်းရေ မြင့်တက်ကာ ကမ်းပါးကျော်၍ လယ်ကွက်များ၊ လမ်းများနှင့် ချောင်းနံဘေးရှိ နေအိမ်အချို့ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။













Leave a Comments