သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ကလည်း စက်သုံးဆီတွေ အလုအယက်ဝယ်နေကြတာ။ ဒီနေ့လည်း စက်သုံးဆီတွေ၊ စားသောက်ကုန်တွေကို အလုအယက်ဝယ်နေကြတယ် ဒီလိုဖြစ်တော့ ပြည်သူတွေက စစ်ပြန်ဖြစ်မှာကို စိုးရိမ်နေကြတာပေါ့။ ရှော့တိုက်ဒုံး ပေါက်ကွဲပြီးတော့ စစ်ကောင်စီနဲ့ ကိုးကန့်တွေ တိုက်ပွဲပြန် ဖြစ်လာ မလားဆိုပြီး လူတိုင်းက ကြောက်နေကြတာ”ဟု လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ယခုဖြစ်စဉ်နောက်ပိုင်း မြို့တွင်း၌ စစ်ကောင်စီတပ်၏ လုံခြုံရေးစစ်ဆေးမှုများ ပိုမိုတင်းကျပ် လာနိုင်ကြောင်းကို လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။
“တိုက်ပွဲက တကယ်ဖြစ်မလား၊ မဖြစ်ဘူးလားတော့ သေချာမပြောနိုင်ဘူး။ ဒါပေမယ့် ဒီလိုဖြစ်ပြီးရင် မြို့ထဲမှာ စစ်ဆေးရေးတွေ ပိုတင်းကျပ်လာနိုင်တယ်။အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားရမှာပေါ့” ဟု ၎င်းကပြောသည်။
အဆိုပါ လားရှိုးမြို့တွင် ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့တွင်လည်း ပြည်သူများအကြားလည်း လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့သို့ သွားလာရန် စီစဉ်ထားသူအချို့က ခရီးစဉ်များ ရပ်ဆိုင်းထားကြသလို၊လားရှိုးမြို့နယ် အတွင်း အခြေအနေ ဆက်လက်တင်းမာလာမည်ကိုလည်း စိုးရိမ်မိကြောင်း မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ဒီတကြောမှာတော့ ပြည်သူတွေက စိုးရိမ်တာပေါ့။ဘာကြောင့် ဒီလိုတွေဖြစ်နေလဲဆိုတာလည်း ဘယ်သူမှ သေချာမသိကြဘူး။ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ပဲ စစ်ဖြစ်ပါစေ အခရင်ဆုံးခံရတာ ပြည်သူတွေပဲ။သွားလာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အားလုံးထိခိုက်တယ်။ဒီနေ့ လားရှိုးသွားမယ့်လူတောင် မသွားရဲတာတွေ ရှိတယ်။လားရှိုးမြို့ထဲကလူတွေကလည်း ထွက်ပြေးရမလား၊ ဆက်နေရမလားဆိုပြီး စိုးရိမ်နေကြတာပေါ့” ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နေ့ (ဇူလိုင် ၉ ရက်) လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တရုတ်ဖိအားပေးမှုကြောင့် ယမန်နှစ် ၂၀၂၅ ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်တပ်မှ ပြန်လည်အုပ်ချုပ်ခဲ့သည်။












Leave a Comments