သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့အရှေ့ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄) စာသင်ကျောင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် သံဃာတစ်ပါး ထိမှန်၍ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။
ထို့အပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီးတွင် နေထိုင်သည့် နေရပ်ပြန် စစ်ရှောင် အမျိုးသမီးနှင့် ကလေးကိုလည်း လက်နက်ကြီးကျည်စ ထိမှန်ပြီး အဆိုပါ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လက်နက်ကြီးကျတာတော့ လယ်ဦးရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ၊ အဲ့ရှေ့က စာသင်ကျောင်းထဲလည်း ကျတယ်။ ရတနာသီရိထဲက ကျောင်းစောင့် ပဉ္ဇင်းတစ်ပါး ထိတယ်၊ နောက်ပြီး ကျောင်းဝင်းဘေးက အမျိုးသမီးနဲ့ ကလေးလည်း ထိတယ်။ အမျိုးသမီးကတော့ ဆုံးသွားတယ်၊ ကလေးကတော့ သေချာမသိဘူး။ မနေ့က PDF နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ရတနာသီရိ ဘုန်းကြီးကျောင်း၌ လွန်ခဲ့သည့် ရက်ပိုင်းအထိ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲခဲ့ပြီး ၎င်းတို့ ထွက်ခွာသွားပြီးနောက် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် PDF များကို အမည်ဖျက်ရန် စစ်ကော်မရှင်တပ်ဘက်မှ ဒရုန်းဗုံး လာရောက်ကြဲချခြင်း ဖြစ်နိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောဆိုသည်။
အခြားတစ်ဘက်တွင် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းသို့ PDF ဘက်မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြသည်။
အလားတူ ယမန်နေ့ တစ်ရက်တည်းတွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ရှိ တည်းခိုခန်းတစ်ခုကို စစ်ကော်မရှင်တပ်က လူအိပ်မောကျချိန် ညသန်းခေါင်ကျော်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း သိရပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့သည့် (နိုဝင်ဘာလ ၂၉ ရက်)မှ စတင်၍ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၎င်းမြို့များမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ရသည်။
ထို့နောက် နိုဝင်ဘာလ (၃၀) ရက်တွင် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များ တပ်စွဲထားသည့် မိုးကုတ်အနောက်ပိုင်း မြို့ပြင်နေရာများအထိ စစ်ကော်မရှင်ဘက်မှ တပ်စခန်းအခြေစိုက်ရန် လုပ်ဆောင်လာခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများပါ ပြန်လည်လုပ်ဆောင်ခဲ့သည်။
လက်ရှိတွင် NUG လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်မှ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်တွင် ဖွဲ့စည်းထားပြီး တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ကြား ထိတွေ့တိုက်ပွဲများ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပွားမှုရှိနေကြောင်း သိရသည်။












Leave a Comments