လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ရွေးကောက်ပွဲ ပထမပိုင်းကိုကြေညာထားသည့်အတိုင်း နိုင်ငံတဝှမ်း (၁၀၂) မြို့နယ်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။
ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မှ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊လင်းခေးနှင့် လွိုင်လင် ( ၁၂) မြို့နယ် ပါဝင်ပြီး လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီလ (၁၁) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် (၁၇) မြို့နယ် ပါဝင်သည်။
ရွေးကောက်ပွဲတွင် မဲပေးရမည့် မဲဆန္ဒနယ်များတွင် နေထိုင်သည့် ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများ၊ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေ အကြောင်း မည်မျှ သိရှိနားလည်ထားကြောင်း စသည်တို့ကို သိရှိနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသည်။
တောင်ကြီးမြို့နယ် ဒေသခံအမျိုးသား
အခုသူတို့ (စစ်ကော်မရှင်) လုပ်မယ့်ပုံစံက အရင်က ပုံစံနဲ့မတူဘူး။ ပြီးတော့ ဘယ်ရွာက ဘယ်သူက ဘယ်ပါတီကို မဲပေးသလဲဆိုတာ သူတို့ထောက်လှမ်းနိုင်အောင် လုပ်ထားတယ်။ ဥပမာ – အခုက ကျေးရွာအုပ်စု တစ်ခုမှာ မဲရုံ ၄ ရုံထားတယ်။ အရင်တုန်းက ကျေးရွာအုပ်စု တစ်ခုမှာဆိုရင် မဲရုံ ၁ ရုံပဲ ရှိတာလေ။ အခုက သူတို့ချဲ့ထားတာပေါ့၊ တစ်နေရာတည်းမှာ လူတွေ မစုအောင်လို့။ ကျနော်တို့ သျှမ်းရွာတွေကတော့ မဲရုံ (၁) မှာပါတာ တွေ့တယ်။
ဘယ်ရွာက၊ ဘယ်သူက ဘယ်ပါတီ ပေးသလဲ သိအောင် လုပ်တာပေါ့။ ကျနော်တို့ မဲမသွားထည့်ရင်လည်း မရနိုင်ဘူး။ အခုက မဲစာရင်းထည့်မယ့်သူရဲ့ စာရင်းပါ တစ်ခါတည်း ပါတယ်လေ။ ဘယ်သူက မဲစာရင်း ပါ၊ မပါ လက်မှတ်ထိုးရတယ်။ ဆန္ဒမဲအတွက် လက်မှတ်ထိုးထားရပြီ ဆိုရင်တော့မသွားရင် မရလောက်ဘူး။ အကယ်လို့ လက်မှတ်မထိုးထားရင်တော့ တစ်မျိုးပေါ့။
ဥပမာ – ကျေးရွာတစ်ခုမှာ လူဦးရေ ၁၀၀ ရှိတယ်၊ ၅၀ လောက်က မဲသွားထည့်တယ် ဆိုရင်တော့ ဒါရွေးကောက်ပွဲကို သိပ်ပြီး စိတ်မဝင်စားဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် အခြေအနေကို စောင့်ကြည်ရမှာပေါ့။ သူတို့ နည်းလမ်းတစ်ခုခုနဲ့ မဖိနှိပ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ ဘာလို့ဆိုရင်တောင်ကြီးမြို့နယ်မှာ စစ်တပ်ရဲ့ မိတ်ဖတ် PNO ကထိန်းချုပ်ထားတာလေ။ အကယ်လို့ ပြည်သူတွေ ရွေးကောက်ပွဲ စိတ်ဝင်စားရင်တော့ သိပ်ပြီး မဖိနှိပ်ဘူး။
ဒါပေမယ့် တခြားမြို့နယ်မှာဆိုရင်တော့ ရွေးကောက်ပွဲ ဆန့်ကျင်လို့ မရလောက်ဘူး။ လမ်းမှာ မဲဆွယ်ဆိုင်းဘုတ် ပြုတ်ကျလို့ အော်ရယ်ရင်တောင်မှ အဖမ်းခံရတာ။ ကျနော်တို့ အခုအခြေအနေက လွတ်လွတ်လပ်လပ် အော်ရယ်လို့ မရဘူး၊ စစ်အာဏာရှင်စနစ် ဆိုပါတော့။
အခုကျနော် ပအိုဝ်းဒေသကို မေးကြည့်တော့လည်း ပအိုဝ်းဒေသခံတွေလည်း ညည်းနေကြတယ်။ အခု လူတွေတော်တော်များများက ထွက်ပြေးနေကြတာလေ၊ စစ်မှုထမ်းကိစ္စကြောင့် လူငယ်တွေ တော်တော်များများ ထွက်ပြေးနေကြရတာ။ ဟိုးအရင် ၂၀၁၅၊ ၂၀၂၀ ခုနှစ်ကလောက် မဖြစ်နိုင်တော့ဘူး၊ အခုရွေးကောက်ပွဲက ရာနှုန်းပြည့် မလုပ်နိုင်ဘူးလေ။ စစ်တပ်က ဖိနှိပ်သည်ဖြစ်စေ၊ မဖိနှိပ်သည်ဖြစ်စေ အခုရွေးကောက်ပွဲမှာ မဲသွားထည့်မယ့်လူက ရာနှုန်းပြည့် မရှိနိုင်ဘူး။ ဘာလို့ဆို ပြည်သူတွေက ပြည်တွင်းထဲမှာမှ မရှိတာ၊ လူတွေက ပြည်ပရောက်ကုန်ပြီလေ။
ကျနော်တို့တော့ အခြေအနေကို စောင့်ကြည့်နေရဆဲပဲ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဖိနှိပ်မှုရှိရင်တော့ ဖိနှိပ်တဲ့နေရာမှာ ငြိမ်းချမ်းမှု မရှိဘူး။ မဲမထည့်ရင်လည်း မသင့်တော်ဘူး၊ မဲထည့်ရင်လည်း မသင့်တော်ဘူး။ ထောက်ခံလားဆိုလည်း မဟုတ်ဘူး၊ မထောက်ခံဘူးလားဆိုလည်း မဟုတ်ဘူး။အခြေအနေအရ စောင့်ကြည့်နေရတာပေါ့။ သူတို့ မဲဆွယ်စည်းရုံးရေး ဆင်းတုန်းကလည်း ကိုယ်စားလှယ်လောင်းကိုယ်တိုင်က အခုလုပ်မယ့်ရွေးကောက်ပွဲက ရာနှုန်းပြည့် အောင်မြင်မယ်လို့ မပြောရဲဘူး၊ အောင်မယ်လို့ပဲ ပြောတယ်လေ။
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ရင်တော့ မြန်မာနိုင်ငံထဲမှာ တစ်နေရာရာမှာတော့ အခြေအနေ ရှုပ်ထွေးမှုတွေ ဖြစ်လာမယ်လို့ ကျနော်တော့ ခန့်မှန်းထားတယ်။ ဥပမာ – တော်လှန်ရေး PDF ဘက်က ဗုံးနဲ့ မဲရုံကို တိုက်ခိုက်တာတို့ ဖြစ်နိုင်တယ်။ အကယ်လို့ ဒီရွေးကောက်ပွဲအောင်လို့ ကြံ့ခိုင်ရေးက နိုင်ရင်တစ်မျိုးပေါ့။ အခုသူတို့က ရွေးကောက်ပွဲ မအောင်မှာကိုလည်း စိုးရိမ်နေကြတယ်။ ရွေးကောက်ပွဲ ကာလမှာ လာရောက်နှောင့်ယှက်နိုင်တဲ့ အဖွဲ့တွေရှိတယ်ဆိုပြီး သူတို့လည်း ပြောတယ်လေ။

ကျနော်တို့ ပြည်သူတွေတော့ မသွားရင်လည်း ဘာကြောင့် မဲသွားမထည့်သလဲဆိုပြီး ပြဿနာရှာခံရမှာ ကြောက်ရတယ်။ မဲသွားထည့်ရင်လည်းတစ်ခုခု ဖြစ်မှာကိုလည်း ကြောက်ရတယ်။ ကျနော်တို့ ပြည်သူတွေကတော့ အေးအေးချမ်းချမ်းပဲ နေချင်တာလေ၊ အေးချမ်းအောင် လုပ်နိုင်ရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ထောက်ခံမှာပဲ။
ရွာငံဒေသခံ အမျိုးသမီးတစ်ဦး
လာမယ့် ရွေးကောက်ပွဲမှာတော့ စိတ်လုံခြုံမှု မရှိဘူး။ ကိုယ်က ပေးချင်လွန်းလို့ မဟုတ်ဘဲ မဖြစ်မနေ ပေးရလို့သာ ပေးရတဲ့ မဲဖြစ်တော့၊ ဟိုဘက်ဒီဘက်ကို ကြောက်ရတယ်။ ကြားထဲမှာလည်း မပေးလို့ မရတဲ့ အနေအထားတွေရှိလို့ ကိုယ့်ဘက်က အနည်းဆုံး အသက်အန္တရာယ် ခြိမ်းခြောက်မှုကို လျော့ချပြီး ပေးရတဲ့ မဲဖြစ်လို့ စိတ်လုံခြုံမှုတော့ မရှိဘူး။
နယ်မြေအနေအထားတွေက မတည်ငြိမ်တော့ ရွေးကောက်ပွဲလုပ်ရင် ပေါက်ကွဲမှုတွေ ဖြစ်ပြီး ထိခိုက်ခံစားရမယ့် အခြေအနေတွေလည်း ရှိလာနိုင်တယ်။ ကျမတို့ဘက်မှာက ကူညီကယ်ဆယ်ပေးမယ့်သူက မရှိဘူး၊ အဓိကတော့ ပြည်သူတွေပဲ နာတယ်။ အဲတာကြောင့်မလို့ ပြည်သူတွေကထိခိုက်မယ့်ဟာတွေ ရှောင်ပြီးတော့ လုပ်ဆောင်ရမယ့် အနေအထားမျိုးတွေ ရှိတယ်။ နောက်ပြီး မပေးမနေရ အကြမ်းဖက်တဲ့ အနေအထားမျိုးလူငယ်တွေကို ဦးတည်ပြီး လုပ်လာနိုင်တယ်။
ရွေးကောက်ပွဲနှောင့်ယှက်ရင် ဖမ်းခံရမယ်ဆိုတာ အခြေခံလောက်တော့ သိထားတယ်၊ ဥပဒေ ဆိုတာကြီးကိုတော့ အကုန်မသိဘူး။ ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို မဲပေးခွင့် ရှိရမယ်၊ အခုက ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီလည်း မရှိဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ သူတွေမပါဘူး၊ ကိုယ့်ဆန္ဒအတိုင်း ပေးပိုင်ခွင့် မရှိတော့ အဆင်မပြေဘူး။ နောက်ပြီး ခြိမ်းခြောက်ပြီး မဲပေးခိုင်းတာက ဥပဒေနဲ့ မညီညွတ်ဘူး၊ မဲစာရင်းလည်းသူတို့ လက်ထဲမှာ ဆိုတော့ သူတို့ စိတ်ကြိုက် လုပ်လို့ရတယ်။ ကိုယ်ပေးလိုက်တာက တခြားပါတီ ဆိုပေမယ့် သူတို့ ပြုပြင်ပြောင်းလဲလို့ ရနေတာကို ဒါတွေ ရှိတာပေါ့။
တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦး
လာမယ့် ရွေးကောက်ပွဲမှာ မပေးချင်နေဘူး မဲကိုက၊ ဒါပေမဲ့ သူတို့က အခုတစ်ခေါက် မဲပေးမယ်ဆိုလည်း ဘယ်လို ပေးရမလဲ။ မဲစာရင်း ပါ၊ မပါတောင် သွားမကြည့်ရသေးဘူး။ မဲမပေးရင်ကော သူတို့က တစ်ခုခုလုပ်မှာလည်း စိုးရိမ်တယ်၊ အဆင်ပြေမနေဘူး။ သွားပေးရမယ်ဆိုတော့လည်းမပေးချင်ပြန်ဘူး။ ကိုယ်က ပေးလိုက်တဲ့ မဲကကော ဘယ်ပါတီကို ပေးမှန်းတောင် မသိရတာ၊ မဲသွားပေးလည်း ပေါ့ပျက်ပျက်ပါပဲ။
ရွေးကောက်ပွဲနှောင့်ယှက်မှု ဥပဒေကတော့ ဘယ်လောက်ထိ နားလည်ထားလဲဆိုတော့ အဓိကတော့ ရွေးကောက်ပွဲကြောင့် တခြားလူတွေကိုတောင်မဲမပေးဘူးပြောလို့ ဘေးက လူကြားရင်တောင် လာဖမ်းမယ့် ကိစ္စတွေ ဖြစ်နိုင်တယ်။ လိုင်းပေါ်မှာ အဲ့ရွေးကောက်ပွဲက ဘာဖြစ်တယ် ညာဖြစ်တယ်ပြောရင်လည်း ဖမ်းမှာပဲ အဲ့လောက်ပဲ သိထားတယ်။ မသိတာပဲ ကောင်းတယ်၊ ဘာမှမလုပ် ဘာမှမပြောဘဲ နေမှာ အဲ့ရွေးကောက်ပွဲ ကိစ္စဆိုရင်။
မသက်သက် (ညောင်ရွှေဒေသခံ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံး မဲပေးခဲ့ဖူးသူ)
တကယ်လို့ ကိုယ့်ရဲ့မဲကိုရော သူတို့က မှန်ကန်စွာ ဆုံးဖြတ်ပေးမှာလား၊ ဒါမှမဟုတ် သူတို့ရှေ့မှာတင်ပဲ ပါတီရွေးချယ်ခွင့်ပေးပြီး ဖိအားပေးမှု ရှိမလားဆိုတာကို စိုးရိမ်မိမှာ။ ခံစားချက်ကတော့ အရင်လို လွတ်လပ်လောက်မယ် လို့တော့ မထင်ဘူး။
ရွေးကောက်ပွဲ နှောင့်ယှက်မှုဥပဒေနဲ့ ပက်သတ်ပြီးတော့ ဥပဒေတွေကိုတော့ အများကြီး သိထားတာ မရှိဘူး။ အရင်တစ်ခေါက် ရွေးကောက်ပွဲကတော့ လွတ်လပ်ပေမယ့် ဒီတစ်ခေါက်ကတော့ သူတို့(စစ်တပ်) ကိုယ်တိုင် ဦးစီးဦးဆောင် လုပ်တယ်ဆိုတော့ ထုတ်တဲ့ ဥပဒေတွေကတော့ သူတို့ကိုယ်တိုင်ပဲ ထုတ်မယ်လို့ ထင်ပါတယ်။ ဘယ်လိုဉပဒေတွေ ထွက်လာလဲ ဆိုတာတော့ မသိပါဘူး။
ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦး
မဲသွားပေးမလားဆိုတဲ့ မေးခွန်းက ဖြေစရာကို မရှိဘူး၊ ပေးလည်းမပေးဘူး သွားလည်းမသွားဘူး။ အဖြေရရင်လည်း စိတ်လုံခြုံမှုလည်း မရှိဘူး၊တရားဝင်မှုလည်း မရှိဘူး။ အစကတည်းက စိတ်ကို မဝင်စားတာ၊ ဘယ်လောက်ပဲ အကြပ်ကိုင်ပြီး ခြိမ်းခြောက်ခြိမ်းခြောက် ပေးဖို့အစီအစဉ် မရှိဘူး။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဘယ်သူမှ သူတို့ကို တရားဝင်အနေနဲ့ အသိအမှတ်လည်း မပြုဘူး။ သူတို့ (စစ်တပ်) ကိုယ့်ဟာကို လုပ်ချင်တာကို လုပ်နေတာ။
ရွေးကောက်ပွဲပဲလုပ်လုပ်၊ ခွေးကောက်ပွဲပဲလုပ်လုပ်၊ အကုန်လုံးကတော့ သူတို့ကိုယ့်ဟာကို လုပ်ထားတဲ့ပွဲက ဘယ်သူပဲ မဲပေးပေး၊ မပေးပေး သူတို့က နိုင်အောင် လုပ်မှာပဲလေ ဟုတ်တယ်မလား။ သူတို့ရဲ့ စနစ်ထဲမှာပဲရှိတဲ့ အတွက်ကြောင့်မလို့ ပြည်သူတွေ ၂၀၀၈ ခုနှစ်ကလည်း တစ်နိုင်ငံလုံးဒုက္ခရောက်နေတဲ့အချိန် ၉၈ ရာခိုင်နှုန်း ထောက်ခံပါတယ် ဆိုပြီးတော့မှ ရွေးကောက်ပွဲ အောင်မြင်တယ် ဆိုပြီးတော့လည်း ဗြောင်လိမ် ဗြောင်စားလုပ်ခဲ့တာပဲ။
သူတို့လက်ထဲမှာ ရှိတဲ့အတွက် သူတို့ လုပ်ချင်သလိုလုပ်မယ်၊ မှောက်ချင်မှောက်မယ် လှန်ချင်လှန်မယ် ဘယ်သူပဲပေးပေး မပေးပေး သူတို့နိုင်ပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲ အောင်မြင်ပါတယ် ဆိုပြီးတော့ လုပ်မှာပဲ။ ပြည်သူတွေကတော့ သိပါတယ်၊ မအ,တော့ပါဘူး။
‘အ’နေတာလည်း ရှိနေတာပဲ ကျန်နေတာပဲ၊ အဲ့လိုမျိူးကြတော့ ဘယ်လိုမှ ဆွဲခေါ်လို့ မရတဲ့လူတွေ ဘယ်လိုမှ ပြုပြင်ပေးလို့ မရတဲ့ နလပိန်းတုန်းတွေကတော့ ရှိနေမှာပဲ ဟုတ်တယ်မလား။ သူတို့လုပ်သမျှကို ထောက်ခံနေတာ သူတို့လုပ်သမျှကို သဘောတွေ့နေတဲ့ ဘောမတွေ၊ ဒလန်တွေက ရှိမှာပါ။
အနည်းဆုံး သူတို့နဲ့ ပေါင်းစား ပူးစားနေတဲ့ဟာတွေကတော့ သဘောကျမှာပေါ့။ အများစုကတော့ သဘောမကျပါဘူး၊ လက်လည်း မခံပါဘူး။ အဲ့တော့ ကျနော်ကတော့ မဲပေးဖို့ အစီအစဉ် မရှိဘူး။ ဘယ်လောက်ပဲ ခြိမ်းခြောက်ပြီး ပေးခိုင်းပေးခိုင်း၊ မဲမပေးရင် တရားဆွဲမှာတို့ မဲမပေးရင် ပြစ်ဒဏ်မြောက်တာတို့ ဘာတို့ ဘယ်လောက်ပဲ ပြောနေပြောနေ ဆန္ဒမဲဆိုတာ ကိုယ်ဆန္ဒရှိမှ ပေးလို့ ရတဲ့မဲလေ။ ဆန္ဒမဲဖြစ်တဲ့ အတွက်ကြောင့်မလို့ကိုယ့်ဆန္ဒမပါဘဲနဲ့ အတင်းလာပြီးတော့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ဘယ်သူမှမပေးချင်ဘူး။
တချို့တွေက ကြောက်ပြီး မဲသွားပေးတာမျိုး ရှိရင် ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲ့တာက ကိုယ့်ဆန္ဒ မပါဘဲနဲ့ ပေးတဲ့ မဲပေါ့နော်၊ ကိုယ်ရဲ့ဆုံးဖြတ်ချက်မပါဘူး။ ကိုယ့်စိတ်မပါဘဲနဲ့ အသဲကြားက မဲတစ်ပြား မဟုတ်ဘဲ ခြိမ်းခြောက် ကြိမ်းမောင်းပြီး ပေးခိုင်းတာက အစစ်အမှန် မဟုတ်ဘူးပေါ့နော်။
ရွေးကောက်ပွဲနှောင့်ယှက်မှုဉပဒေအကြောင်းကို လေ့တော့ မလေ့လာဖူးဘူး၊ ဖတ်တော့ ဖတ်ကြည့်မိတယ်။ ရွေးကောက်ပွဲ နှောင့်ယှက်မှုဉပဒေ ဆိုတာက အဲ့တာက တရားဝင်မှ မဟုတ်တာ။ သူတို့လက်ထဲမှာ သူတို့ လုပ်ချင်တာ လုပ်တယ်၊ ဖြုတ်ချင်တာ ဖြုတ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်ပြီးတော့မှ အကုန်လုံး ဒုက္ခရောက်အောင် လုပ်နေတဲ့ ဉပဒေတွေပဲမလို့ ထဲထဲဝင်ဝင် လေ့လာထားတာတွေမရှိဘူး။ ကိုယ့်အတွေးထဲမှာတော့ ကောင်းတာတွေတော့ မဟုတ်ဘူး၊ အကုန်လုံး ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ထားတဲ့ စနစ်တွေပဲ ဖြစ်တယ်လေ။
အကြမ်းဖျဉ်း ဖတ်ကြည့်လိုက်တာနဲ့ မဲလာမပေးရင် ပြစ်ဒဏ်မြောက်တယ်တို့၊ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်ချင်တာတို့ ဘာတို့ ညာတို့က သူတို့လုပ်နေတဲ့ဟာတွေက ဒီမိုကရေစီစနစ်မှ မဟုတ်တာ။ ပြည်သူတွေကို အတင်းအကြပ်ကိုင် ခြိမ်းခြောက်ပြီးတော့မှ မဲမပေး မနေရတွေ လုပ်ထားတဲ့စာတွေပေါ့။ ဒီမိုကရေစီနစ်ကို သွေဖယ်ပြီးတော့ လုပ်ထားတဲ့ဟာတွေ၊ အကြမ်းဖက် အကြပ်ကိုင်ပြီးတော့ လုပ်နေတဲ့ဟာတွေက ဒီမိုကရေစီနစ်မှမဟုတ်တာ။
အဲ့ကြောင့်မလို့ ပြည်သူတွေလည်း အရမ်းကြီး ကြောက်မနေပါနဲ့ ပြောချင်တာကတော့လေ။ မဲသွားမပေးရင် တစ်နိုင်ငံလုံး လူဦးရေ သန်းပေါင်းများစွာရှိတာ၊ သူတို့ကို လိုတဲ့လူ နလပိန်းတုံးတွေက သွားရင် သွားလိမ့်မယ်။ ကိုယ်မကြိုက်တဲ့လူက မကြိုက်သလို နေလို့ ရတယ်၊ ကိုယ့်ဟာကိုဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။
ဒီသန်းပေါင်းများစွာတော့ လူတွေကိုလည်း သူတို့မဖမ်းနိုင်ဘူး ဟုတ်တယ်မလား။ လိုက်ဖမ်းရင်လည်း ဖမ်းလိုက်စမ်းပါ ဟုတ်တယ်မလား။ လူတိုင်း မဲသွားမပေးရင် ရွေးကောက်ပွဲ အောင်မြင်ပါ့မလား ဟုတ်တယ်နော်။ ရွေးကောက်ပွဲဆိုတာက မဲသွားမပေးတဲ့လူတွေ များလေ ဘယ်သူမှ အိမ်တိုင်းစေ့ လိုက်ပြီးတော့ ထောင်မချနိုင်ဘူး၊ လိုက်လည်း မဖမ်းနိုင်ဘူး၊ အသိတရား ရှိပြီးတော့မှ ညီဖို့ပဲ လိုတယ်။
တာချီလိတ်မြို့ ဒေသခံအမျိုးသမီး
အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စိတ်ကောလူကော လုံခြုံမှုတော့ မရှိပါဘူး။ မဲသွားပေးဖို့လည်း အစီအစဉ် မရှိပေမယ့် မဖြစ်မနေသွားပေးရမယ်ဆိုရင်လည်း နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်မှာစိုးရိမ်တာတွေ၊ သွားပေးလို့မှ ခြိမ်းခြောက်ခံရမှာတွေအစစ အရာရာကိုတော့ စိတ်မချရဘူး။
ရွေးကောက်ပွဲနှောင့်ယှက်မှုဉပဒေမှာ ဘာတွေမလုပ်ရဘူး ဆိုတာ သိထားသလောက်ကတော့ မဲပေးတဲ့လူတွေကို ခြိမ်းခြောက်တာ၊ ငွေတွေလက်ဆောင်တွေနဲ့ မဲဝယ်တာ မဲပိတ်တာ၊ မဲလာပေးတဲ့လူတွေကို မဲပေးလို့ မရအောင် အနှောက်ယှက်လုပ်တာ၊ မဲစာရင်းနဲ့ မဲပုံးတွေကို ဖျက်စီးပစ်တာ၊ မမှန်မကန် သတင်းတွေကို ဖြန့်တာ အဲ့လိုတွေကို မလုပ်ရဘူးဆိုတဲ့ ဉပဒေလို့တော့ ထင်တယ်။ အရေးကြီးတာကတော့ ပြည်သူရဲ့အသံကိုလေးလေးစားစားနဲ့ မဲရလဒ် မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ မျှော်လင့်ပါတယ်။
သျှမ်းပြည်တောင်ပိုင်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ဦး
ဒီတစ်ခေါက် ရွေးကောက်ပွဲမှာတော့ အရင်ကနဲ့ မတူတာ အများကြီး ရှိတယ်။ မဲဆွယ်တဲ့ ဗီနိုင်းဆိုင်းဘုတ် ထောင်တာက အစ တစ်မျိုးပြီးတစ်မျိုးထည့်ခိုင်းတယ်။ အခုဆိုရင် ပုံနှိပ်သူတို့ ထုတ်ဝေခွင့်တို့ အဲ့လိုမျိုးအထိ ထည့်ခိုင်းတယ်၊ အဲ့တာ ပါမှပဲ ဆိုင်းဘုတ်ထောင်ခွင့်ပြုတယ်။ အဲ့လို မပါရင်လည်း ဆိုင်းဘုတ်ပေးမထောင်ဘူး။
အခုကတော့ ပိုတင်းကြပ်တာပေါ့၊ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ လွတ်လွတ်လပ်လပ်ပဲ ဆိုတော့။ ပုံနှိပ်သူအမှတ်၊ ထုတ်ဝေခွင့်အမှတ် အဲ့လိုရှိမှ ရမယ်၊ တချို့ကျတော့ စည်ပင်လိုင်စင်ပဲ ရှိကြတော့ အဲ့တာလည်း မရပြန်ဘူး။ ပုံနှိပ်သူ ဆိုရင်လည်း မဲစာရင်းနံပါတ် ထပ်ရှိရဦးမယ်။ အဲ့တာကိုပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ UEC က ဘာမှ မပြောသေးဘူး၊ နိုဝင်ဘာလ ၂ ရက်ကျမှ ပုံနှိပ်သူလည်း ထည့်ရမယ်ဆိုတော့ ကျမတို့က ဗီနိုင်းတွေ နောက်တစ်ခေါက် ပြန်ပြင်ရတယ်။
အခုကတော့ လူငယ်တွေ ပါလာတာ နည်းတယ်၊ အများစုက ထိုင်းသွားကြတာဆိုတော့ ရပ်ရွာထဲ သိပ်မရှိတော့ဘူး။ မဲဆွယ်စည်းရုံးဖို့ သွားတယ်ဆိုရင်လည်း သူတို့ (စစ်တပ်) ဘက်က လိုက်စောင့်ကြည့်တယ်။ ဘယ်အိမ်မှာ ဘယ်နေရာ စည်းရုံးရေး ဆင်းပါမယ် ဆိုတာကိုလည်း စာတင်ရတယ်၊လူဘယ်နှယောက် လာနားထောင်တယ် ဆိုတာက အစ ပြန်ပြောရတယ်။
အဓိကတော့ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့) နဲ့ SB (အထူးသတင်းတပ်ဖွဲ့) အဖွဲ့တွေက ကျမတို့နောက်ကို တကောက်ကောက် လိုက်ကြည့်တယ်။ အရင်တုန်းကတော့ အဲ့လို စောင့်ကြည့်တာ မရှိဘူးလေ။ စည်းမျဉ်းတွေက များလာပြီးတော့ လုပ်ရကိုင်ရတာ ပိုပြီး တင်းကြပ်တဲ့ သဘောရှိတာပေါ့။ ရွေးကောက်ပွဲဥပဒေဆိုတာလည်း ပုဒ်မတွေ ကန့်သတ်ချက်တွေ အများကြီး တိုးလာတာလေ၊ အရင်ကနဲ့တော့ မတူဘူး။
အခုတလော စည်းရုံးရေးဆင်းတယ် ဆိုရင်လည်း လူအများကြီးနဲ့ မသွားရဘူး။ ကားနဲ့ သွားကြတယ် ဆိုရင်လည်း ကားတစ်စီးနဲ့ တစ်စီးကြား ၃၀ကိုက် ခြားရမယ် ဆိုတာမျိုးအထိ ဖြစ်တယ်။ နောက်ပြီးတော့ သီချင်းဖွင့်တာတို့ အလံတလူလူနဲ့ သွားတာမျိုးတို့ အဲ့လိုလည်း မလုပ်ရဘူး။ အရင်တုန်းကတော့ စည်းရုံးရေး ဆင်းတယ်ဆိုရင် သီချင်းဖွင့်ပြီး အလံထောင်သွားကြတာ၊ အခုကျတော့ အဲ့လိုမရဘူး။
လားရှိုးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦး
ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ စောင့်ကြည့်ဖို့ကတော့ ရွာသားတွေလည်း သိပ်စိတ်မဝင်စားကြဘူး။ လူကြီးတွေကလည်း သိပ်အားမပေးကြဘူး၊နောက်ပြီးတော့ တိုင်းပြည်ကလည်း ဒီတိုင်းပဲ ရှုပ်ထွေးနေတာလေ။ နိုင်ငံရေးအကြောင်း ပြောရင်လည်း ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ဘယ်သူပဲအုပ်ချုပ် ဒီတိုင်းပဲ ဆက်ဖြစ်နေမှာပဲ မထူးဘူးလို့ မြင်ကြတော့ စိတ်မဝင်စားကြတာ။
ကျမထင်တာကတော့ တချို့လည်း မဲစာရင်း ပါတာရှိတယ်၊ သူတို့လည်း မဲသွားပေးကြမယ်လို့တော့ ထင်တယ်။ လားရှိုးမှာက ကိုးကန့်ပါတီလည်းဝင်ပြိုင်တာရှိတော့ မြို့ပေါ်က ကိုးကန့်တရုတ်တွေလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားကြမယ် ထင်တယ်။ မြို့ပြင်ဘက်မှာတော့ သျှမ်းနဲ့ ပလောင်လူမျိုး အများစုဆိုတော့ သူတို့ကတော့ သိပ်စိတ်မဝင်စားကြဘူး။
မဲစာရင်းမှာ နာမည်ပါရင်တောင်မှ မဲသွားမထည့်ဖို့ များမယ်။ အပြောင်းအလဲ ဖြစ်မယ်လို့ ဘယ်သူမှ အဲ့လို မထင်ကြဘူးလေ။ ကိုးကန့်တပ် ထိန်းထားတဲ့ဘက်က တချို့ရွာတွေမှာ ဌာနဆိုင်ရာကလူတွေ မဲစာရင်းအတွက် နာမည်စာရင်း လာကောက်တာ ရှိပေမယ့် တိတိကျကျကြီးတော့ မဟုတ်ဘူး။ အိမ်မှာ အသက် (၁၈) နှစ် ပြည့်ပြီးတဲ့လူ လေးငါးယောက်ရှိရင်လည်း မဲပေးဖို့ တစ်အိမ်တစ်ယောက် ဆိုတာမျိုးလောက်ပဲ စာရင်းကောက်သွားတယ်။
အရင် ၂၀၂၀ တုန်းကတော့ ဒေသခံတွေက မဲရုံအထိသွားပြီး မဲသွားပေးကြတယ်၊ ဒါပေမယ့် အာဏာသိမ်းခံရပြီးနောက် ဘာအခွင့်အရေးမှလည်းခံစားခွင့် မရခဲ့ဘူး။ အဲ့တာအပြင် စစ်ပွဲနဲ့ ထပ်ကြုံရပြီး ပဋိပက္ခတွေ ပိုရှုပ်လာတာပဲ ရှိတယ်။ အဲ့လိုတွေ ကြုံခဲ့ရတော့ ရွေးကောက်ပွဲကိုလည်း ဘာမှလည်း မမျှော်လင့်ကြတော့တာ။












Leave a Comments