သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၅ ရက်) တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသည့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကို စစ်ကော်မရှင်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ကြောင့် တပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်တပ်က အသေခံ ဒရုန်းနဲ့ တိုက်တာ။တော်လှန်ရေးရဲဘော် ၆ ဦးက ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေ ပြင်းထန်ရခဲ့တဲ့ ရဲဘော်တွေလည်းရှိတယ်။ ဒရုန်းတွေနဲ့ ဗုံးကြဲတာထက် ဒီအသေခံဒရုန်းကို ပိုပြီး အသုံးများ လာတယ်”ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး စစ်ကော်မရှင်တပ်ဖွဲ့သည် အသေခံ ဒရုန်းကို ပိုအသုံးပြုလာပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ကို တိုက်ခိုက်လာကြောင်း သိရသည်။
လက်ရှိ အနေအထားအရ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ နှင့် ဘောရန်ကျေးရွာတို့တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး၊ စစ်ကော်မရှင်ဘက်မှ စစ်အင်အားများ အလုံးအရင်း ထပ်မံဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆက်ပြောသည်။
“အဲ့ရွာတွေထဲမှာက သူတို့ကလွဲပြီး ဘယ်သူမှမရှိဘူးလေ။ လူတွေလည်း ဖြန့်ထားတယ်။ ပြီးခဲ့တဲ့ မနေ့က (နိုဝင်ဘာ ၁၆ ရက်) စစ်ကားတွေ နဲ့ အမြှောက်တွေလည်းပါလာတယ်။ လောလောဆယ် ရွာထဲမှာလည်း လူတွေမရှိတော့ သူတို့လည်း ရွာနားကပ်ပြီး တပ်စွဲချင်နေတဲ့ပုံစံပေါ့” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
သျှမ်းပြည် တောင်ပိုင်းနှင့် ကရင်နီနယ်စပ်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်၊ အရှေ့ခြမ်း အနာက်ခြမ်းများ၌ ကရင်နီ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်(PNO) တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။












Leave a Comments