သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် Starlink အင်တာနက် အသုံးပြုခွင့်ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ကန့်သတ်ပိတ်ပင်ထားပြီး စက်ပစ္စည်း သိမ်းဆည်းမှုများအပြင် လူဖမ်းဆီးမှုများပါ ရှိနေကြောင်း ဒေသခံပြောဆိုချက်များအရ သိရသည်။
အောက်တိုဘာလလယ်ခန့်မှ စတင်ကာ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် ကျေးရွာများရှိ ရပ်ကွက်တိုင်းတွင် Starlink အင်တာနက် အသုံးပြုသူများကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံ များက ပြောသည်။
၂၀၂၅ အောက်တိုဘာလ (၂၈) ရက်နေ့တွင် နမ္မတူမြို့ နေအိမ်၌ Starlink အင်တာနက် တပ်ဆင်ထားသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၃ ရက်) အထိ တစ်ပတ်ကျော်ကြာ အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များနှင့် ဆွေမျိုးများ စိုးရိမ်ပူပန်နေကြောင်း ဖြစ်စဉ်သိရှိသူ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“TNLA တပ်သားတွေက ရပ်ကွက်တိုင်း၊ ရွာတိုင်းကို စစ်နေတာ။ Starlink စက်တွေလည်း သိမ်းယူသွားတယ်။ Starlink အင်တာနက်လိုင်း သွားသုံးတဲ့လူတွေရဲ့ ဖုန်းတွေကိုပါ သိမ်းသွားတာ။ သူတို့ပြောတာက တိုင်းပြည်ပြန်ကောင်းမှ ပြန်ပေးမယ်တဲ့။ ဘယ်မှာ သွားယူရမလဲဆိုတာလည်း နေရာမပြောသွားဘူး။ တိုင်းပြည်လည်း ဘယ်ချိန်မှ ပြန်ကောင်းမလဲ မသိဘူး” ဟု နမ္မတူဒေသခံ ၎င်းအမျိုးသားက ပြောသည်။
Starlink အင်တာနက် အသုံးပြုခြင်းကြောင့် ဖမ်းဆီးခံလိုက်ရသည့် နမ္မတူမြို့၊ ရပ်ကွက် (၅) မှ အသက် (၆၀) ကျော်အရွယ် အမျိုးသားသည် CDM (Civil Disobedience Movement) ပညာရေးဝန်ထမ်း တစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်းနှင့် လက်ရှိတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရခြင်းကြောင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။
“ဖမ်းခံရတဲ့လူကို ဘယ်နေရာ ခေါ်သွားလဲ၊ ဘယ်နှစ်ရက် ဖမ်းချုပ်ထားမလဲဆိုတာ ဘာမှ မပြောသွားဘူး။ အခုထိလည်း ဆက်သွယ်လို့ မရသေးဘူး။ သူ့အိမ်မှာက Starlink တပ်ထားတာ။ သူ့အိမ်မှာ သွားရှာတော့လည်း အိမ်တံခါး ပိတ်ထားတယ်။ အိမ်ဘေးပတ်လည်မှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ‘နမ္မတူမြို့ထဲမှာ ဘယ်သူမှ မရှိတော့ဘူး’ လို့ သူ့ဖေ့စ်ဘုတ်အကောင့်မှာ တင်ပြီးကတည်းက သူလည်း ပျောက်သွားတာ” ဟု ဖြစ်စဉ်သိရှိသူ အဆိုပါ အမျိုးသားက ထပ်လောင်း ပြောသည်။
နမ္မတူမြို့တွင် Starlink အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန သို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခြင်းကြောင့် ဖမ်းဆီးခံရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းတွင် နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာအုပ်စု ဘက်၌လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် TNLA ဘက်မှ Starlink အင်တာနက် အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး စက်ပစ္စည်းများကို ဖြုတ်သိမ်းထားခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအပြင် လျှပ်စစ်မီး ကိုပါ တစ်နှစ်ကျော်ကြာ အသုံးပြုခွင့် မရသေးဘဲ၊ ဒေသခံများသည် သတင်းအချက်အလက် ဆက်သွယ် ပြောဆိုရန်အတွက် Starlink အင်တာနက်ကိုသာ အသုံးပြုနေရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၇-၂၈) ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီ တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ထားသည်။












Leave a Comments