နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် Starlink အင်တာနက် အသုံးပြုခွင့်ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ကန့်သတ်ပိတ်ပင်ထားပြီး စက်ပစ္စည်း သိမ်းဆည်းမှုများအပြင် လူဖမ်းဆီးမှုများပါ ရှိနေကြောင်း ဒေသခံပြောဆိုချက်များအရ သိရသည်။

အောက်တိုဘာလလယ်ခန့်မှ စတင်ကာ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် ကျေးရွာများရှိ ရပ်ကွက်တိုင်းတွင် Starlink အင်တာနက် အသုံးပြုသူများကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံ များက ပြောသည်။

၂၀၂၅ အောက်တိုဘာလ (၂၈) ရက်နေ့တွင် နမ္မတူမြို့ နေအိမ်၌ Starlink အင်တာနက် တပ်ဆင်ထားသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၃ ရက်) အထိ တစ်ပတ်ကျော်ကြာ အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များနှင့် ဆွေမျိုးများ စိုးရိမ်ပူပန်နေကြောင်း ဖြစ်စဉ်သိရှိသူ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA တပ်သားတွေက ရပ်ကွက်တိုင်း၊ ရွာတိုင်းကို စစ်နေတာ။ Starlink စက်တွေလည်း သိမ်းယူသွားတယ်။ Starlink အင်တာနက်လိုင်း သွားသုံးတဲ့လူတွေရဲ့ ဖုန်းတွေကိုပါ သိမ်းသွားတာ။ သူတို့ပြောတာက တိုင်းပြည်ပြန်ကောင်းမှ ပြန်ပေးမယ်တဲ့။ ဘယ်မှာ သွားယူရမလဲဆိုတာလည်း နေရာမပြောသွားဘူး။ တိုင်းပြည်လည်း ဘယ်ချိန်မှ ပြန်ကောင်းမလဲ မသိဘူး” ဟု နမ္မတူဒေသခံ ၎င်းအမျိုးသားက ပြောသည်။

Starlink အင်တာနက် အသုံးပြုခြင်းကြောင့် ဖမ်းဆီးခံလိုက်ရသည့် နမ္မတူမြို့၊ ရပ်ကွက် (၅) မှ အသက် (၆၀) ကျော်အရွယ် အမျိုးသားသည် CDM (Civil Disobedience Movement) ပညာရေးဝန်ထမ်း တစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းကဲ့သို့ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်းနှင့် လက်ရှိတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရခြင်းကြောင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

“ဖမ်းခံရတဲ့လူကို ဘယ်နေရာ ခေါ်သွားလဲ၊ ဘယ်နှစ်ရက် ဖမ်းချုပ်ထားမလဲဆိုတာ ဘာမှ မပြောသွားဘူး။ အခုထိလည်း ဆက်သွယ်လို့ မရသေးဘူး။ သူ့အိမ်မှာက Starlink တပ်ထားတာ။ သူ့အိမ်မှာ သွားရှာတော့လည်း အိမ်တံခါး ပိတ်ထားတယ်။ အိမ်ဘေးပတ်လည်မှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ‘နမ္မတူမြို့ထဲမှာ ဘယ်သူမှ မရှိတော့ဘူး’ လို့ သူ့ဖေ့စ်ဘုတ်အကောင့်မှာ တင်ပြီးကတည်းက သူလည်း ပျောက်သွားတာ” ဟု ဖြစ်စဉ်သိရှိသူ အဆိုပါ အမျိုးသားက ထပ်လောင်း ပြောသည်။

နမ္မတူမြို့တွင် Starlink အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန သို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခြင်းကြောင့် ဖမ်းဆီးခံရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းတွင် နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာအုပ်စု ဘက်၌လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် TNLA ဘက်မှ Starlink အင်တာနက် အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး စက်ပစ္စည်းများကို ဖြုတ်သိမ်းထားခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအပြင် လျှပ်စစ်မီး ကိုပါ တစ်နှစ်ကျော်ကြာ အသုံးပြုခွင့် မရသေးဘဲ၊ ဒေသခံများသည် သတင်းအချက်အလက် ဆက်သွယ် ပြောဆိုရန်အတွက် Starlink အင်တာနက်ကိုသာ အသုံးပြုနေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇-၂၈) ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီ တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...